ချင်းတွင်းကို စုန်ဆန်ကြသူများ

ချင်းတွင်းကို စုန်ဆန်ကြသူများ

ဇူလိုင်လ ၁၉ ရက် မုံရွာမြို့ နံနက်ခင်း . . . . .။

ချင်းတွင်းမြစ် ကမ်းနားလမ်းတစ်လျှောက်တွင် မြစ်အထက်ပိုင်း ဒေသများသို့ သွားရောက်မည့် ခရီးသည်များ၊ ကုန်တင်ကုန်ချအလုပ်သမားများ၊ ဈေးသည်များဖြင့် စည်ကားနေသည်။ဇူလိုင်လ ရောက်ရောက်ချင်းမှာပင် ချင်းတွင်းမြစ်ရေသည် မြစ်ကမ်းလျှောက် မြို့များအလိုက် စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာမှုကြောင့် မုံရွာနှင့် ချင်းတွင်းအထက်ပိုင်းပြေးဆွဲနေသည့် ပုဂ္ဂလိကပိုင်အမြန်ရေယာဉ်များကို ဇူလိုင် ၅ ရက်မှ စတင်ကာ ပြေးဆွဲခွင့် ရပ်နားထားခဲ့ရာမှ လူနှင့်ကုန်များစုပြုံလာခြင်းကြောင့် စက်လှေများအားလုံးကို ဇူလိုင် ၁၉ရက် တွင် ပြန်လည်ထွက်ခွာခွင့် ပြုလိုက်သည်။ သို့ရာတွင်မြစ်ရေက စိုးရိမ်အမှတ်အထက်တွင် ရှိနေဆဲဖြစ်သည်။ အမြန်ရေယာဉ်များ ပြန်လည်စတင်ထွက်ခွာသည့်နေ့ ရောက် သည်နှင့် မုံရွာမှဖောင်းပြင်သို့ သွားရောက်ရန် ကိုတင်ထွန်း တစ်ယောက် စက်လှေဂိတ်သို့ ရောက်ရှိနေသည်။ ကိုတင်ထွန်းသည် စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွင် ကားလမ်းဖောက်လုပ်နေသည့် ကုမ္ပဏီတစ်ခုမှ အလုပ်သမားခေါင်းဆောင် ဖြစ်သည်။ ”၉၂ ခုနှစ် ကျွန်တော် စက်လှေလိုက်တုန်းက မုံရွာကနေ ဟုမ္မလင်းကို တစ်ပတ်လောက်သွားရတယ်၊ ခုတော့ တစ်ညအိပ်နှစ်ရက်ဆို ရောက်ပြီ” ဟု လွန်ခဲ့သောနှစ်ပေါင်း ၂၅ နှစ်ခန့်က အခြေအနေနှင့် လက်ရှိကွာခြားမှုကို ကိုတင်ထွန်းက နှိုင်းယှဉ်ပြောဆိုသည်။

”လှေဝမ်းသေးတဲ့စက်လှေတွေဆို ရေကြီးတဲ့ အချိန်မသွားသင့်ဘူး” ဟု ကိုတင်ထွန်းက သုံးသပ်ပြောဆိုသည်။ ချင်းတွင်းရေလမ်းနှင့်ပတ်သက်ပြီး ရေယာဉ်ငယ်များထက် ရေယာဉ်ကြီးများ နှင့် သင်္ဘောများက ပိုမို ဘေးကင်းလုံခြုံသည်ဟု ခရီးသွားအများစုက ယူဆထားကြသည်။ သို့သော် ရေကျချိန်တွင် သောင်ခုံများပေါ်ထွန်း လာတတ်သည့်အတွက် ရေတိမ်၍ သွားလာရန် ခက်ခဲသောကြောင့် သင်္ဘောကြီးများနှင့် စက်လှေကြီးများမှာ သွားလာမရ ဖြစ်တတ်ပြန်သည်။

လူစီးအမြန်ရေယာဉ်များမှာလည်း ရေအကျတွင် ပေါ်လာတတ်သည့် သောင်နှင့်တိုက်မိပြီး တိမ်းမှောက်သည်အထိ ဖြစ်ကာခရီးသည်များ အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။ ကနီမြို့နယ် မိချောင်းတွင်း ကျေးရွာအနီး ချင်းတွင်းမြစ်ကြောင်းတွင် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က ဟုမ္မလင်း-မုံရွာ အစုန်ခရီးစဉ်ပြေးဆွဲသော အေးငြိမ်းချမ်းသာ ရေယာဉ်အသင်းမှ အောင်စိုးမိုးကျော် -၂ ခရီးသည်တင် အမြန်ရေယာဉ် တိမ်းမှောက်မှု ဖြစ်စဉ်တွင် ခရီးသည် ၇ဝ ကျော်သေဆုံးခဲ့ရသည်။

”အဲဒီနေ့ကဆို သီတင်းကျွတ်ရုံးပိတ်ရက်ဆိုတော့ စက်လှေပေါ်မှာ ဝန်ထမ်းတွေများတယ်။ ဆရာ ဆရာမနဲ့ ကျောင်းသားတွေ ပါလာတော့ သေတဲ့အထဲမှာ ဆရာမ ဦးရေ ၃ဝ ကျော်တယ်” စက်လှေနစ်မြုပ်ရာ သို့ ကယ်ဆယ်ရေးလိုက်ပါဆောင်ရွက်ခဲ့သူ မုံရွာမြို့ခံ ကိုအောင်ချိုဦးက ပြောသည်။ ချင်းတွင်းမြစ်ကြောင်းတွင် ရေယာဉ်မတော်တဆမှုနှင့် ရေယာဉ်နစ်မြုပ်မှုများက နှစ်စဉ်ဖြစ်ပျက်နေသည်။ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးဥပဒေကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် ၂ဝ၁၂ ခုနှစ် မတ်လ ၉ရက်က အတည်ပြုခဲ့ပြီး (ရစက)ခေါ် ပုဂ္ဂလိက ရေယာဉ်များစနစ်တကျပြေးဆွဲရေး ကော်မတီများကို ၂ဝ၁၄ ခုနှစ်တွင် အစိုးရက ဦးဆောင်ပြီး ချင်းတွင်းမြစ်ကမ်းတစ်လျှောက်ရှိ မြို့ကြီးအားလုံးတွင် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည်။ ဥပဒေ၏ အခန်း (၄)ကော်မတီ၏ လုပ်ပိုင်ခွင့်များ ပုဒ်မ (၅) အပိုဒ်ခွဲ (ဃ) တွင် ကော်မတီ၏ စီမံခန့်ခွဲမှု အောက်ရှိ ဌာနများ ရေယာဉ်လိုင်းများနှင့် ဆိပ်ကမ်းများလိုက်နာရန် စည်းကမ်းများ သတ်မှတ်ပေးခြင်းဟူသည့် အချက်ကို ပြဌာန်းထားသည်။ သို့သော် ပြီးခဲ့သည့်နှစ်များအတွင်း ချင်းတွင်းမြစ်ကြောင်းရေယာဉ် အများစုသည် ဥပဒေပိုင်းလိုက်နာမှု အားနည်းခဲ့သလို ဥပဒေ အသက်ဝင်မှုလည်း မရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြ ဝေဖန်ထားသည်။

တိမ်းမှောက်ခဲ့သော အောင်စိုးမိုးကျော် ရေယာဉ်၏ အမှန်တကယ် တင်ဆောင်နိုင်သည့် ခရီးသည်အရေအတွက်မှာ ၁၅ဝ ဦးသာဖြစ်သော်လည်း စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည့် အချက်အလက်များအရ ခရီးသည်ပေါင်း ၂၅ဝ ကျော် တင်ဆောင်ခဲ့ကြောင်း တွေ့ရသည်။ ယင်းကိန်းဂဏန်းများကို ကြည့်ခြင်းအားဖြင့် လူ ၁ဝဝ ကျော် ပိုမိုတင်ဆောင်ခဲ့ကြောင်း တွေ့ရသည်။ မုံရွာမြို့ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးတင်ထွန်းအောင်(ရေလမ်းညွှန်)က ”ချင်းတွင်းမြစ်က တိမ်တယ်၊ ရေစီး သန်တယ်၊ မြစ်ကြောင်း ကျဉ်းတယ် အဲဒါကြောင့် ချင်းတွင်းမှာ အတွေ့အကြုံမရှိတဲ့ ရေယာဉ်မောင်းတွေ မမောင်းသင့်ဘူး” ဟု ဆိုသည်။ ချင်းတွင်းမြစ်အတွင်း ရေယာဉ်မောင်းခြင်း အတွေ့အကြုံ ၆နှစ်ကျော်ရှိသူ ကိုအောင်ထွန်းက ” မော်တော်တွေ တစ်ခုခုဖြစ်ပြီဆိုရင် လူကြောင့် ၉ဝ ရာခိုင်နှုန်းလောက် ဖြစ်တယ်။ သတ်မှတ်တဲ့ အလေးချိန်ကျော်တာ၊ လူနဲ့ကုန်စည်ပို့ တင်တာ၊ ရေယာဉ်မောင်းတွေရဲ့ ပေါ့ဆတာတွေကြောင့် အများဆုံးဖြစ်ရတယ်” ဟု ဆိုသည်။ အောင်စိုးမိုးကျော် – ၂ ရေယာဉ် နစ်မြုပ်မှုဖြစ်ပြီးနောက်ပိုင်းမှစပြီး အမြန်ရေယာဉ်များတွင် အသက်ကယ်အင်္ကျီနှင့် ဘောကွင်းများ ရေပုံးများပြည့်စုံစွာပါရှိမှု ရှိ/မရှိကို ရစက ကြပ်မတ်ဆောင်ရွက်နေကြောင်း ရစကမှ ဌာနမှူး ဦးသောင်းညွှန့်ကပြောသည်။ ယင်း ကြောင့် ရေယာဉ်များ၏ လိုက်နာမှုအပိုင်း တိုးတက်လာသော်လည်း ခရီးသည်များ၏ ပူးပေါင်းပါဝင်လိုက်နာမှု လိုအပ်နေသေးကြောင်း ဆိုသည်။

”ခရီးသည်တွေက ပြောရခက်တယ်၊ အသက်ကယ်အင်္ကျီတွေကို ခေါင်းအုံးအိပ်တယ်၊ တစ်ခါတစ်လေ မသိအောင်လွှင့်ပစ်တယ်၊ သူ့နေရာနဲ့သူမထားဘဲ အောက်ကိုချ ထားတယ်” ဟု ရေယာဉ်မောင်း ကိုအောင်ထွန်းက ညည်းတွားပြောဆိုသည်။ ပုဂ္ဂလိကရေယာဉ်များ ရပ်နားထားချိန်တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ချင်းတွင်းဌာနခွဲမှ ပြင်ပအကျိုးတူပူးပေါင်းကာ ပြဒါးရှင်နှင့် ချမ်းသာ ရေယာဉ်ကြီးများဖြင့် မုံရွာမြို့မှ ကလေးဝ နှင့် ဟုမ္မလင်းအထိပြေးဆွဲပေးလျက်ရှိသည်။ သို့သော် တစ်ပတ်လျှင်တစ်ကြိမ်စီသာ အသွားအပြန်ပြေးဆွဲနိုင်သဖြင့် ခရီးသည်နှင့်ကုန်စည်ပို့ဆောင်မှု အတွက် အဆင်ပြေ ချောမွေ့သည့် အနေအထားတွင် မရှိသေးပေ။

ရေယာဉ် ကြီးများမှာ ချင်းတွင်မြစ်ရေများချိန် ဇွန်လလယ်မှ နိုဝင်ဘာလလယ် အထိသာ ပြေးဆွဲပေးသည်ဟု ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန ချင်းတွင်းဌာနခွဲမှ ဦးဌေးဦးက ဆိုသည်။ မန္တလေးမြို့ရှိသင်္ဘောကျင်းတွင် ကျင်းတင်ပြင်ဆင်လျက်ရှိသော ချမ်းအမျိုးအစားရေယာဉ် ကျင်းဆင်း (ပြင်ဆင်ပြီးစီး) လာပါက ပြည်တွင်းရေကြောင်းအနေဖြင့် မိုးရာသီ မြစ်ရေများချိန်ကာလများတွင် ခန္တီးမြို့အထိ တိုးချဲ့ပြေးဆွဲနိုင်ရန်လည်း အစီအစဉ်ရှိနေသည်။

ရေယာဉ်တည်ဆောက်မှုအပိုင်းတွင်လည်း ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာနမှ မြစ်တွင်းသွား ရေယာဉ်များအတွက် တိကျစွာသတ်မှတ်ထား သော်လည်း ချင်းတွင်းမြစ်ကြောင်း ပို့ဆောင်ရေး အတွက် မြစ်အခြေအနေနှင့် ကိုက်ညီသင့်လျော်သည့် ရေယာဉ်များကိုသာ တည်ဆောက်ရသည် ဟု မုံရွာမြို့မှ ရေယာဉ်တည်ဆောက်ရေး လုပ်ကိုင်သူ ဦးသန်းဌေးကဆိုသည်။

”ချင်းတွင်းမြစ်က တိမ်တယ်၊ ရေဖိအားနည်း တယ်၊ ရေတိမ်တော့ ပင့်တင်အားနည်းလို့ ရေပင့် တင်အားရဖို့ ရေယာဉ်ရဲ့ နံကို စောင်းရတယ်၊ ရှေး ယခင်ကရေယာဉ် တည်ဆောက်သူတွေရဲ့ အတွေ့အကြုံကို ဆက်ပြီးသုံးစွဲလာတာပေါ” ဟု ၄င်းက ဆက်ပြောသည်။ ချင်တွင်းမြစ်ကြောင်းတွင် ယခင်က ရေယာဉ်များကို စက်စွမ်း အားနည်းသော အင်ဂျင်များ တပ်ဆင်ကာ အသုံးပြုခဲ့ကြ သော်လည်း ယခုအခါ စက်စွမ်းအားပိုမိုကောင်းမွန်သည့် အင်ဂျင်များ တပ်ဆင် အသုံးပြုလာ ကြသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးစီးဌာနက သတ်မှတ်ထား သော သတ်မှတ်ချက်များသည် လုံခြုံ ဘေးကင်းမှုရှိ၍ ရေနက်သော နေရာ၊ ရေဖိအားများသည့်နေရာများတွင် အဆင်ပြေပြီး ချင်းတွင်း မြစ်ကဲ့သို့ ရေတိမ်သည့် မြစ်များတွင် တည်ဆောက်မှုပုံစံကို မြစ်အခြေ အနေနှင့် သင့်လျော်အောင် တည်ဆောက်ရကြောင်းလည်း ရေယာဉ် တည်ဆောက်ရေး လုပ်ငန်းလုပ်ကိုင်သူ မုံရွာမြို့ခံ ဦးသန်းဌေးက ပြောသည်။ ရေယာဉ်ပိုင်ရှင်များအတွက် ခရီးသည်နှင့် ကုန်စည်ရရှိမှုမှာ ရေယာဉ်အစင်းရေ များလာသည့်အတွက် ယခင်ထက် လျော့နည်း လာကြောင်း ရေယာဉ်ပိုင်ရှင်တစ်ဦးကပြောသည်။ ယခင်ကထက် ရေယာဉ်အသင်းနှင့် ရေယာဉ် အရေအတွက် သိသာစွာများပြားလာပြီး ခရီးသည်များမှာ ဈေးနှုန်းနှင့် ဝန်ဆောင်မှုကောင်းမွန်သက်သာသည့် ရေယာဉ်များကို ရွေးချယ်စီးနင်းလာကြသည်။ ထို့ကြောင့် ဈေးကွက်သဘောအရ ဈေးနှုန်းနှင့် ဝန်ဆောင်မှုများကို ရေယာဉ် ပိုင်ရှင်များအကြား အပြိုင်အဆိုင်ရှိလာသည်။

ခရီးသည်အများစုမှာ ဈေးနည်းသည့် ရေယာဉ်လိုင်းများကို ပိုမိုရွေးချယ်လေ့ရှိသည်။ လမ်းပန်းဆက်သွယ်မှု ခက်ခဲသော စစ်ကိုင်း တိုင်း အထက်ပိုင်းဒေသများအတွက် ရေလမ်းခရီးအပြင် ကုန်းလမ်းဆက်သွယ်မှု အတွက် ကားလမ်းများပြုပြင်ဖောက်လုပ်လျက် ရှိပြီး ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် ချင်းတွင်းမြစ်ကူး တံတားကြီးများကို တည်ဆောက် လျက်ရှိသည်။

ရေကူးတတ်သော်လည်း ရေယာဉ်ဖြင့် သွားလာရသည်မှာ စိုးရိမ်ရသည့်အတွက် မုံရွာမှ ဖောင်းပြင်သို့ သွားရောက်မည့်ကို တင်ထွန်းမှာ ကားလမ်းခရီးများ ယခုထက် ပိုမိုကောင်းမွန် လာစေရန် မျှော်လင့်နေသည်။ ”ကားလမ်းတွေကောင်းရင်တော့ ကားနဲ့ပဲသွားမှာ၊ ရေလမ်းက အိမ်မှာကျန်ခဲ့တဲ့ မိသားစုပါ စိုးရိမ်ရတယ်၊ တစ်ခုခုဖြစ်ရင်တော့ ငါးဂါလံပုံးတစ်ပုံး ပြေးဆွဲရမှာပဲ”ဟု ပြောသည်။

Leave a Reply

Close Menu