တစ်ခေတ်ဆန်းလာတဲ့ သနပ်ခါး

တစ်ခေတ်ဆန်းလာတဲ့ သနပ်ခါး

သနပ်ခါးဟုဆိုလိုက်လျှင် ဈေးဆိုင်ပေါ်မှာ အသင့်ထုပ်လုပ်ထားတဲ့ သနပ်ခါးထုပ်တွေ၊ သနပ်ခါး ဗူးတွေရယ် အခေါက်ထူထူနဲ့ သွေးလိမ်းဖို့ လွယ်ကူအောင် တစ်ထွာလောက်ဖြတ်ထားတဲ့ သနပ်ခါးတုံး ပုတိုတိုတွေရယ် လောက်ပဲ မြင်ဖူးသူများပါတယ်။ ဒါပေမဲ့ အပွေးအက်ကွဲကြောင်းပင်စည်ပေါ်မှာ ချွန်ချွန်ထက်ထက် အဆူးတွေပေါက်နေပြီး၊ ရွက်ညှာတံတစ်ခုပေါ်မှာ အစိမ်းရင့်ရောင်ရွက်မြွှာ ၂ စုံ (သို့) ၃ ရှိတတ်တဲ့ ပေ(၂ဝ)၊ (၃ဝ)လောက်မြင့်တဲ့ သနပ်ခါးပင်လေးပင်တွေကိုတော့ သနပ်ခါးစိုက်တဲ့ ဒေသခံကလွဲရင် သိသူနည်းပါးလှပါတယ်။ မြန်မာနိုင်ငံမှာ အညာဒေသထွက် ရွှေဘိုသနပ်ခါး၊ ရှင်မတောင်သနပ်ခါးနဲ့ ရှမ်းပြည်နယ်ထွက် တောင်ကြီးမောက်မယ်သနပ်ခါးဆိုပြီး နာမည်ကြီးသနပ်ခါး (၃) မျိုးရှိပါတယ်။ အဲဒီအထဲက ရွှေဘိုသနပ်ခါးကိုတော့

”ရွှေဘိုသနပ်ခါးလေးနဲ့

ရန်ကုန်ကိုလိမ်းဖို့ယူ . . . .

ဘယ်လိုအသားမဲမဲ ဝါဝါညက်ညက်ဖြူ. . . ”

ဆိုပြီး သီချင်းထဲမှာတောင် တစ်ဖွဲ့တစ်နွဲ့ထည့်ရေးထားကြပေမယ့် အမှန်တကယ်တော့ နာမည်ကြီး ရွှေဘိုသနပ်ခါးတွေက ရွှေဘိုဒေသကထွက်ကြတာ မဟုတ်ပါဘူး။ စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ အရာတော်ဒေသက ထွက်တာဖြစ်ပါတယ်။ အခုဆိုရင် ရွှေဘိုသနပ်ခါး (အရာတော်သနပ်ခါး) ထွက်ရှိရာ မုံရွာဒေသအတွင်းမှာတော့ သနပ်ခါး စိုက်တောင်သူဦးရေ အရင်ကထက် ပိုမိုများပြားလာနေပါတယ်။ ဒီလိုများပြားလာတာရဲ့ အဓိကအကြောင်း အရင်းကတော့ ရာသီပေါ်သီးနှံတွေ ဈေးကွက် မတည်ငြိမ်တာကြောင့် အရှုံးပေါ်နေတဲ့တောင်သူတွေက သနပ်ခါးစိုက်ပျိုးရေးလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင် လာတာကြောင့်ဖြစ်တယ်လို့ ဒေသခံသနပ်ခါး စိုက်ပျိုးသူ တွေက ပြောပါတယ်။ ”အဒေါ်တို့က သနပ်ခါးရောင်းလာတာ အနှစ် ၂ဝ နီပါးရှိနေပါပြီ၊ အစကဆိုရင် တောထဲကနေ ရှာလာတဲ့ သူတွေဆီ လိုက်ဝယ်ရတယ်၊ ဒီ သုံး၊ လေးနှစ် အတောအတွင်းမှာ ခြံမှာပဲ လိုက်ဝယ်ပြီးပြန်ရောင်းလို့ ရသွားတာ။ အဒေါ်တို့အတွက် အဆင်ပြေတာပေါ့ကွယ်” ဟု ဒေါ်လှဝင်းက ပြောပါတယ်။

မုံရွာမြို့နဲ့ ၁ဝ မိုင်လောက်ဝေးတဲ့ ကျောက္ကာရွာမှာရှိတဲ့ ရွှေဂူနီဘုရားစောင်းတန်းမှာ သူထက်ငါအပြိုင် လုယက် ရောင်းချနေကြတဲ့ သနပ်ခါး ဈေးသည် အယောက် ၁ဝဝ ကျော်ထဲမှာ ”ဒေါ်လှဝင်း” ကလည်းတစ်ဦး အပါအဝင်ဖြစ်ပါတယ်။ အသက် ၃ဝ ဝန်းကျင်လောက်ကနေ အခု ၅ဝ ကျော်အထိ ကျောက္ကာ ရွှေဂူနီဘုရားမှာ သနပ်ခါးတုံးတွေ ရောင်းလာခဲ့သူပါ။ ကျောက္ကာရွာက တောင်ရွာနဲ့ မြောက်ရွာဆိုပြီး ရွာနှစ်ရွာရှိပြီးတော့ အိမ်ခြေ ၄ဝဝ ကျော်ရှိပါတယ်။ ကျောက္ကာမြောက်ရွာမှာနေထိုင်တဲ့ အမျိုး သမီး (ဒေသအခေါ် မြောက်သူ) အများစုဟာ ရွှေဂူနီဘုရားမှာ သနပ်ခါးရောင်းတဲ့ အလုပ်နဲ့ အသက်မွေးနေကြတာပါ။ ပုံမှန်အားဖြင့် သနပ်ခါးပင်ရဲ့သက်တမ်းနှစ်(၂ဝ)၊(၃ဝ) လောက်ရောက်မှ သနပ်ခါးတုံးထုတ်လုပ်ကြတယ်လို့ သနပ်ခါးစိုက်ပျိုး သူတွေက ပြောကြပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ မုံရွာခရိုင် အရာတော် ဒေသမှာတော့ ပုံမှန်ကြာချိန် ရဲ့တစ်ဝက်တောင် မကြာတဲ့အချိန် (၇) နှစ် (၈) နှစ်လောက်နဲ့ သနပ်ခါးတုံး ထုတ်လုပ်နိုင်တဲ့ သနပ်ခါးပင်တွေကို စိုက်ပျိုးအောင်မြင်နေကြပြီ ဖြစ်ပါတယ်။ ‘”မျိုးသစ်ကို ၂ဝဝဝခုနှစ် လောက်ကစပြီး စမ်းစိုက် ကြည့်ခဲ့တာပါ။ အခုဆိုရင်တော့ ဒီမုံရွာဒေသ (မုံရွာခရိုင်) တစ်ဝိုက်မှာ ကျွန်တော့်မျိုးတွေကို စိုက်တဲ့လူက အများဆုံးဖြစ်နေပါပြီ” လို့ သက်နုသနပ်ခါးမျိုးကို စတင်စိုက်ပျိုးခဲ့သူ ဦးစိန်မင်း ကပြောပြပါတယ်။

မျိုးရိုင်းကို မိဘစဉ်ဆက်ကပင် ခြံနှင့်တကွ အသေအချာ စတင်စိုက်ပျိုးလာပြီး ၂ဝဝဝ ခုနှစ် ရောက်မှ အပွေးထူတဲ့ အခုမျိုးကောင်းတစ်မျိုးကို စပြီးစမ်းသပ်စိုက်ပျိုးရာမှ အောင်မြင်သွားကား ‘စိန်မင်း’ မျိုးဟု ခေါ်စမှတ်ပြုလာကြတာ ဖြစ်ပါတယ်။ မုံရွာသနပ်ခါး မျိုးသစ် ဈေးကွက် ကျယ်ပြန့်လာတာနဲ့အတူ ဒေသခံ ဟင်းသီဟင်းရွက်စိုက် တောင်သူတွေကလည်း သနပ်ခါးစိုက်ပျိုးရေးကို ပြောင်းလဲလုပ်ကိုင်လာသူ တစ်စထက်တစ်စ ပိုမိုများပြားလာနေပြီဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ ၂ဝ၁၄ ခုနှစ်အထိ သနပ်ခါးပင် စိုက်ပျိုးဧက ၃၅ဝဝဝ နှင့် ၄ဝဝဝဝ အကြာရှိရာမှ ၂ဝ၁၇ ခုနှစ်တွင် ဧကပေါင်း ၅ဝဝဝဝ ကျော်အထိ တိုးပွားလာပြီဖြစ်ကြောင်း မုံရွာဒေသ သနပ်ခါးစိုက်တောင်သူအသင်း၏ စားရင်းအရသိရသည်။ မုံရွာ – အရာတော် လမ်းမပေါ်ရှိ သနပ်ခါးခြံပိုင်ရှင် ဒေါ်မြရင်က ”အဖွားတို့က အရင်ကဆို ပဲစိုက်တယ်။ အခုတော့ သနပ်ခါးထပ်စိုက်တယ်၊ ဘာဖြစ်လို့လည်ဆိုတော့ သနပ်ခါးခြံထဲမှာ ပဲရယ်၊ပြောင်းရယ်၊ ဟင်သီဟင်းရွက်တွေကို ရောပြီးစိုက်လို့ရတယ်။ သနပ်ခါးကလည်း ဈေးကောင်းနေတော့ အဆင်ပြေတယ်” လို့ ပြောသည်။ လက်ရှိပေါက်ဈေးမှာ ပေ(၂ဝ)မှ (၃ဝ)ကြားအရှည်ရှိသော သနပ်ခါးတစ်ပင်ကို ငွေကျပ် ၂ဝဝဝဝ မှ ၄ဝဝဝဝ အတွင်းရှိပါတယ်။

ကျောက္ကာရွာမှ သနပ်ခါးခြံပိုင်ရှင် ဦးမိုးက ”ဟိုတုန်းကဆိုရင်ပဲတို့ နှမ်းတို့ ပြောင်းတို့ဆိုရင် မစိုက်မနေရ ဆိုပြီးလာလုပ်တယ်။ နှမ်းလည်း ဈေးမငြိမ်ဘူး၊ ဟင်းသီးဟင်းရွက်လည်း ရတော့ရတာပေါ့ မများပါ၊ အခု အစိုးရက လာလုပ်စရာမလိုပဲ တောင်သူတွေကိုယ်တိုင် ပြောင်းလဲလာတာ၊ ဝါလည် အသုံးပြုသူ နည်းလာတယ်၊ သနပ်ခါးလည်း မျိုးကောင်းကောင်းတွေ ထုတ်လုပ်နိုင်ပြီး ဖြစ်လို့ လူတွေစိုက်တာများလို့ပါပဲ” လို့ ပြောသည်။ မိဘလက်ထက်မှ စ၍ သနပ်ခါးပင်ကို တောမှ လိုက်ရှာခဲ့ပြီး အိမ်အလှဆင်အနေနဲ့ စစိုက်လာခဲ့ပါတယ်၊ သူငယ်ချင်း အစိုးရအရာရှိ တစ်ယောက်ရဲ့ တွန်ပေးမှုကြောင့် ဒီလို စမ်းသပ်စိုက်ပျိုးလာမှ တစ်မိသားစုလုံးပင် သနပ်ခါးစိုက်တောင်သူအဖြစ် ပြောင်းလဲစိုက်လာခဲ့သည် ဟုလည်း ဦးမိုးက ဆိုပါတယ်။

အထက်ပါကဲ့သို့ မုံရွာဒေသတစ်ဝိုက်တွင် သနပ်ခါးစိုက်ပျိုးမှု တိုးပွားလာသော်လည်း သနပ်ခါးပင်သည် သစ်တောဥပဒေအရ အသေးစားအပင် အမျိုးအစား စာရင်းတွင် ပါဝင်နေဆဲကာ သနပ်ခါးခြံလုပ်ငန်းများအား သစ်တောဦးစီးဌာနမှ နုတ်မိန့်ဖြင့်သာ ခွင့်ပြုထားခြင်းဖြစ်သည်။ ထိုကဲ့သို့ သနပ်ခါးပင်အား သစ်တောစာရင်းမှ ပယ်ဖျက်ခြင်း မရှိသေးပေမဲ့ သနပ်ခါးစိုက်တောင်သူ များအတွက် စိုးရိမ်ဖွယ်ရာများ မရှိကြောင်း သနပ်ခါးစိုက်တောင်သူ ဥက္ကဌ အရာတော်မြို့မှ ဦးကျော်မိုးက ပြောသည်။ ”ဥပဒေကြောင်းအရ ဆိုရင် မှတ်ပုံတင်ရမယ်၊ ဒါပေမဲ့ ကျနော်တို့ သနပ်ခါးစိုက်တယ်ဆိုတာက သနပ်ခါးချည်းပဲ စိုက်တာမဟုတ်ပါဘူး။ တောင်သူတွေလိုပဲ ရာသီဒေသအလိုက် ရာသီပေါ်သီးနှံတွေနဲ့ ရောနှောစိုက်ပျိုးကြတာပါ။ သနပ်ခါးရယ်လို့ သီးသန့်စိုက်ရင်တော့ ဥပဒေကြောင်းအရ လုပ်ရမှာတွေရှိတယ်” လို့ ဦကျော်မိုးက ဆိုသည်။ ယခင်အစိုးရလက်ထက်တွင် ပဲ၊ နှမ်း၊ ပြောင်း တို့ကို အလှည့်ကျစိုက်ခိုင်းတာရှိခဲ့ပေမဲ့ ဈေးကွက်အခိုင်အမာ မရှိခဲ့တာကြောင့် တောင်သူများ အခက်အခဲကြုံခဲ့ရပါတယ်။ ဒီလိုအခြေအနေကနေ သနပ်ခါးစိုက်ပျိုးရေး လုပ်ငန်းနဲ့ အဆင်ပြေနေတဲ့ တောင်သူတွေက သနပ်ခါးစိုက်ပျိုးတာကို ဥပဒေအရ တရားဝင် ဖြစ်စေချင်နေကြပါတယ်။ သနပ်ခါးစိုက်ပျိုးသူတွေရဲ့ ဆန္ဒနဲ့ပတ်သတ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည် က ”ကျွန်မတို့က သနပ်ခါးစိုက်တဲ့ တောင်သူတွေရဲ့ အခက်အခဲကို သိနေပါတယ်။ သစ်တောဥပဒေနဲ့ ညိစွန်းတယ်ဆိုတာလည်း ရှိကောင်းရှိနိုင်မယ်။ ဒါဟာ သစ်တောနဲ့ဆိုင်တာပေါ့၊ သနပ်ခါးကို အသေးစားစာရင်း ကနေ ပယ်ထုတ်ဖို့က သူတို့ (သနပ်ခါးစိုက်သူ) တွေရဲ့ အပေါ်မှာ အများကြီး မူတည်ပါတယ်၊ အဖွဲအစည်းအနေနဲ့ ဖြစ်ဖြစ်၊ လာရောက် တင်ပြဖို့ ကြိုဆိုပါတယ်” လို့ ပြောပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဈေးကွက်ထဲမှာ Myanmar Traditional Makeup လို့ တင်စားခေါ်ဝေါ်ထားတဲ့ မြန်မာ့သနပ်ခါးကို စိုက်ပျိုးကြတဲ့ ဦးမိုးတို့လို ခြံပိုင်ရှင်အတွက်တော့ ဈေးကွက်က ကျယ်ပြန့်လာနေပေမဲ့ လက်ရှိထက်လုပ်ငန်းတွေကိုတိုးချဲ့နိုင်ဖို့ တိကျလုံလောက်တဲ့ ဥပဒေတစ်ရပ် လိုအပ်နေတာအမှန်ပါပဲ။

Leave a Reply

Close Menu