ထန်းတောင်သူတို့အတွက် ဖြေလျှော့ပေးရမယ့် နှောင်ကြိုးတမျှင်

အိမ်ခြံဝင်းအတွင်း ထမင်း၊ဟင်းအပါအဝင် စွန့်ပစ်ရေများကို လောင်းချထားသည့် ရွှံ့အိုင်အနီးမှာ ထန်းရည်ခံယူသည့် အမဲရောင် မြေအိုး(မြူအိုး)များသည် ဖရိုဖရဲနှင့် ကွဲသည့်အိုးက ကွဲနေ ၊မှောက်သည့်အိုးက မှောက်ကာ မြေအိုးတို့ ကို စားကြွင်းများဖြင့် ပေလူးနေသဖြင့် ခြင်၊ယင်များ ဝဲနေသည်ကို တွေ့မြင်ရသည်။

ယင်းမြင်ကွင်းသည် လွန်ခဲ့သည့် ဆယ်စုနှစ် ပတ်ဝန်းကျင်အထိ ထန်းတက်ပြီး အသက်မွေးကျောင်းခဲ့သည့် မကွေးတိုင်း၊နတ်ကန်ကျေးရွာက ထန်းပင်တက် သက်တမ်း ၂၀ ကျော် ရှိပြီဖြစ်သည့် ဦးမင်းအောင် ၏ အိမ်ခြံဝင်းမြင်ကွင်းဖြစ်သည်။

ယခင်ကဆိုလျှင် မကွေးတိုင်းအတွင်းမှာ ထန်းတက်သူများပြားပြီး ထန်းလုပ်ငန်းသည် အရေးပါ အရာ ရောက်ခဲ့သည့် ၀င်ငွေရရာရကြောင်းလုပ်ငန်းတစ်ခုလည်းဖြစ်ခဲ့သည်။ယင်းအချိန်က ဒေသတွင်း ထန်းလျက် ဈေးကွက်သည် ကြီးထွားသည်။ထန်းလျက်ပွဲရုံအများအပြားရှိပြီး ဒေသထွက် ထန်းလျက်များကို ပွဲရုံများကို သွင်းခဲ့သဖြင့် အဆင်ပြေခဲ့သည်။

ညောင်ပင်ကျေးရွာက ဦးဘိုဌေးဆိုလျှင်လည်း  ယခင်က တစ်ရက်မှာ ထန်းပင် ၆၀ ခန့်တက်ခဲ့သည်ဟုဆိုသည်။ ယင်း၏ လုပ်ဆောင်မှု၏ ရလဒ်အဖြစ် တစ်နေ့မှာ ထန်းလျက် ၁၀၀ ပိဿာခန့်ရသည်ဟုဆိုသည်။

သို့သော် နောက်ပိုင်းမှာ ၎င်းသည် ထန်းတက်ခြင်း အလုပ်ကို ကျောခိုင်းပြီး ရေကာတာ ဆည်ခြင်း လုပ်ငန်းကို တစ်နှစ်ပတ်ဝန်းကျင်ခန့် လုပ်ကိုင်ခဲ့သည်။ သို့သော် ၎င်း၏ ထန်းတက်ဝါသနာပိုးသည် ပျောက်မသွားသောကြောင့် ထန်းတက်ရန် အကြောင်းဖန်လာသည်။

“အခုကျတော့ လေးငါး၊ခြောက်ပင်ပဲ တက်တော့တယ် ”ဟုနီရဲနေသည့် သွားများပေါ်အောင် ပြုံးပြီး  ဦးဘိုဌေးက ဆိုသည်။

ထန်းတက်လျှင် မိသားစု တစ်စုလုံး ၀ိုင်းဝန်းလုပ်ဆောင်ကြရပြီး၊မြူအိုးကောက်ရခြင်း၊ ထန်းလျက်ကျိုရခြင်းတို့ကြောင့် မနားနိုင်အောင်အလုပ်များသည်။ထို့ကြောင့် ဝင်ငွေအနည်းငယ်သာ ရရှိသောကြောင့် တခြားအလုပ်တစ်ခုကို ပြောင်းရွှေ့လုပ်ကိုင်ကြည့်ခြင်းဖြစ်သည်ဟု ကွမ်းဝါးလျက် ပြောသည်။

ထန်းသမားများက ထန်းတက်ခြင်း အလွန်အန္တရာယ်ရှိသော အလုပ်တစ်ခုဟု သတ်မှတ်လာကြပြီး လုပ်အားနှင့် လုပ်ခ မမျှတခြင်းတို့ကြောင့် ယင်းအလုပ်ကို စွန့်ပြီး ၀င်ငွေအလုပ်အကိုင် အခွင့်အလမ်းပိုများသည့် ကချင်ပြည်နယ် ဖားကန့်ဒေသ၊မလေးရှားနှင့်ထိုင်းနိုင်ငံတို့ကို သွား၍အလုပ်လုပ်ကြသည်ဟု သိရသည်။

“ထန်းပင်ပေါ်က ပြုတ်ကျလို့ ကျိုးတဲ့သူနဲ့ သေတဲ့သူတွေလည်း ရှိတယ်”ဟု ထန်းပင်က ပြုတ်ကျပြီး ဆယ်ရက်ခန့် မထနိုင်ဘဲ အိပ်ရာပေါ်မှာ လဲနေခဲ့ရသည့် ဦးမင်းအောင်က ပြောသည်။ ယင်းကြောင့်လည်း ထန်းတက်သမားရှားလာခြင်း ဖြစ်သည်ဟု ၎င်းကဆက်လက်ဆိုသည်။

ထန်းပင် တစ်ပင်က ထန်းလျက် ၁ ပိဿာကျော်ခန့်ရရှိသည်။ဦးဘိုဌေးသည် ယခင်က တစ်ရက်လျှင် အပင် (၆၀) ခန့်တက်ပြီး ထန်းလျက် ၁၀၀ ပိဿာခန့် ရရှိသော်လည်း “ဈေးမကောင်းတော့ ဘယ်လိုမှ မစားရဘူးပေါ့ ” ဟု လမ်းဘက်ကို မျက်နှာမူပြီး ပြောသည်။

လက်ရှိတွင် ထန်းလျက်လုပ်ငန်းသည် အခြေအနေမကောင်းတော့ပေ။ ထန်းလျက်ကို ဝယ်ယူသူ နည်းပါးလာပြီး ဈေးချိုသည့် သကြားများကိုသာ ဝယ်ယူအသုံးပြုကြတော့သည်။ ဈေးကွက်အတွင်း ဝင်ရောက်နေသည့် ထန်းလျက် အလုံးသေး ဆိုလျှင် ကျပ်တစ်ပိသာ ၁၀၀၀ ရှိပြီး၊အလုံးကြီးဆိုလျှင်တစ်ပိသာ ၉၀၀ ကျပ်ဖြစ်သည်။

အရက်ချက်လို့ရသည့် ထန်းလျက် အပျော့တစ်ပိသာမှာ ၈၅၀ ကျပ်ဝန်းကျင်သာရှိနေသည်။သို့သော်လည်း ထန်းလျက် ဝယ်ယူသူသည် နည်းပါးလာသည်ဟု မကွေးမြို့ အခြေစိုက် အာရှပွဲရုံက ဦးမြင့်စိုးက ဆိုသည်။

“အရင်တုန်းက နယ်တွေမှာ (အရက်)ချက် စက်ရုံတွေ ရှိတယ်လေ။ စက်ရုံတွေက ထန်းလျက်ပဲ သုံးကြတာ။ ခုတော့ သကြားက ထန်းလျက်ထက် ဈေးချိုနေတော့ သကြားပြောင်းသုံးကြတယ်။ ”ဟု ၎င်းက စာရင်းရေးမှတ်နေရင်း ပြောဆိုသည်။

ထန်းတောင်သူများ  အခြေအနေမကောင်းတော့သောကြောင့် ထန်းလျက်ကို တန်ဖိုးမြင့်ထုတ်ကုန် (Value A)အရက်ချက်လျှင် စီးပွားရေး အဆင်ပြေမည် ထန်းတောင်သူများက ပြောကြသည်။ တစ်ချို့ ထန်းသမားများမှာ အစိုးရ ဖမ်းဆီးမည်ကို စိုးရိမ်သောကြောင့် အရက်ချက်ခြင်းမပြုလုပ်ရဲကြပေ။

“ဒါက ဥပဒေနဲ့ မလွတ်ဘူးလေ။ကိုယ်က (ပိုက်ဆံ)ပေးနိုင်ရင် ပေး၊မဟုတ်ရင် ထောင်ကျမှာ ”ဟု ညောင်ပင် ကျေးရွာက ဦးဘိုဌေးက ဆိုသည်။

တည်ဆဲဥပဒေများအရ အစိုးရသည် ယစ်မျိုးစီမံခန့်ခွဲရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပေါင်းဖိုဖြင့် ချက်လုပ်ခြင်းကို ဖြစ်နိုင်သမျှ ဖျက်သိမ်းစေရန်ဟု ပြဌာန်းထားပြီး ဗဟိုအရက်ချက် စက်ရုံ တည်ထောက်ချက်လုပ်ခြင်းကို တဖြေးဖြေးအားပေးသွားရန်ဟုသာ ဖော်ပြထားသည်။

 

ထန်းလျက် ၁ ပိဿာကို ၁၅၀၀ ဝန်းကျင်သာရှိပြီး ယင်းထန်းလျက် ၁ ပိဿာကို အရက်ချက်မည်ဆိုလျှင် နှစ်လီတာနှင့် တစ်ဝက် ရရှိသည်။ အရက်တစ်လီတာကို ၁၂၀၀ ဈေးနှုန်းရှိသဖြင့် ထန်းလျက် ၁ ပိဿာကိုအရက် ချက်လျှင် ကျပ် ၃၀၀၀ ရရှိနေသောကြောင့် တွက်ခြေကိုက်သည်ဟု ထန်းလျက်ကို အရက်ချက်သူများက ပြောကြသည်။  

ထန်းလျက်ကို အရက်ထုတ်လုပ်ရန် ထန်းလျက်ကိုရေစိမ်ရပြီး ထန်းရည်က ရရှိသည့် ထန်းရည်အနယ်နှင့် ကောက်ညှင်းရောစပ်ထားပြီး မြေအိုးတစ်လုံးထဲတွင် တစ်နေ့နှင့်တစ်ည စိမ်ထားရသည်။ ယင်းသို့စိမ်ထားသည့် ထန်းရည်ကို မီးဖိုပေါ်မှာ ၈ နာရီခန့် ကျိုချက်ပေါင်းခံထားလျှင် အရက်များထွက်ရှိလာမည်ဖြစ်သည်။

ထန်းအရက်၏ အရသာသည် အနည်းငယ်ခါးပြီး “အမြည်း မလိုဘူး”ဟု ရွာသစ်ကြီး ရွာက ဦးအောင်နိုင်က ဖန်ခွက်ထဲမှ အရက်ကို မော့သောက်နေရင်းပြောဆိုလိုက်သည်။

“ဒဂုံနီတို့ ဆိုရင် တအားပြင်းတယ်။ ပြင်းတာကျတော့ ဒဂုံနီ တစ်လုံးဆိုရင် ရေတစ်လုံး ရောရတယ်။ ထန်းအရက်ဆိုရင်  ဘာရေမှ ရောစရာ မလိုဘူး” ဟု ၎င်းကဆက်ပြောသည်။

ဦးအောင်နိုင်တို့ရွာမှာဆိုလျှင် တခြားအရက်များကို သောက်သုံးမှုနည်းပါးပြီး ထန်းလျှက်အရက်ကို သောက်သုံးသူ ပိုများလာကြသည်ဟု ဆိုသည်။ ဈေးကွက်စီးပွားရေစနစ်နှင့် ဒီမိုကရေစီစနစ်တွင် ယှဉ်ပြိုင်နိုင်စွမ်းသည့် သော့ချက်ကျပြီး လက်ရှိအနေအထားတွင် စီးပွားဖြစ် အကြီးစာအရက်ထုတ်လုပ်သည့် အရက်ပုလင်းများ တွေ့မြင်နေရသည်။ကျေးလက်တွင်နေထိုင်ပြီး မိရိုးဖလာ အစဉ်အလာအရ တပိုင်တနိုင် တရက်ကို ပေါင်းအိုးနှစ်အိုးခန့် ချက်နေသူများကို ခွင့်ပြုမပေးခြင်းသည် မျှတမှုကင်းအခြေအနေမျိုးဖြစ်သည်ဟု ထန်လျှက်အရက် ချက်သူတစ်ချို့ကဆိုသည်။ ၁၉၁၇ခုနှစ်က ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံယစ်မျိုးအက်ဥပဒေ၊ပုဒ်မ ၃၀ (ဃ)တွင် ပြစ်မှုမြောက်ရန် လိုအပ်သည့် အင်္ဂါရပ်များအဖြစ် ယစ်မျိုးသက်ဝင်ရာ ပစ္စည်းပြုလုပ်ရန် ကိရိယာတန်ဆာပလာများကို အသုံးပြုခြင်း၊သိမ်းဆည်းခြင်၊လက်ရှိထားခြင်း၊အပြုအမူတစ်ခုခုကိုတရားခံ ပြုလုပ်ကြောင်း သက်သေခံချက်ပါရှိရမည်ဟု ဖော်ပြထားပြီး ပြစ်ဒဏ်အဖြစ် ခြောက်လအထိထောင်ဒဏ်ဖြစ်စေ၊ကျပ်တစ်ထောင်ထိ ငွေဒဏ်သို့မဟုတ် ဒဏ်နှစ်ရပ်စလုံးဖြစ် စီရင်ခြင်းခံရမည်ဟု ဖော်ထားသည်။

ယင်းကိုလိုနီခေတ် ယစ်မျိုးဥပဒေ ထန်းတောင်သူများအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်နေပြီး ယင်းအတားအဆီး တစ်ခုကို ဖြေလျှော့ ပေးနိုင်ရန် နှစ်ပေါင်း ၆၀ခန့်အတွင် ပထမဆုံး လူထုဆန္ဒမဲဖြင့် ရွှေးကောက်ပွဲတွင် အနိုင်ရသည့် အရပ်သားအစိုးလက်ထက်တွင် ဖြေလျှော့ပေးလာနိုင်မည်ဟု ထန်းတောင်သူများက မျှော်လင့်နေကြသည်။

ပြီးခဲ့သည့် နှစ်နှစ်ခန့်က ဦးဌေးသည်  အရက်ချက်သောကြောင့် ရဲများဖမ်းဆီးမှုကို ခံခဲ့ကြရသည်။ ၎င်းနှင့်အတူ ရွာက အရက်ချက်သူ ၄ ဦးခန့်လည်းဖမ်းဆီးခံခဲ့ရပြီး ဒဏ်ကြေးငွေ ၁ သိန်းကျပ် ပေးပြီး ပြန်လွတ်လာခဲ့ခြင်း ဖြစ်သည်။

“တကယ်လို့များ ထောင်ကျသွားရင် ကိုယ့်မိသားစုနဲ့ ခွဲလို့ အိပ်ဖူးတာလည်း မဟုတ်ဘူး။ ပိုက်ဆံကုန်ရင် ကုန်ပါစေဆိုပြီး အဲဒီတုန်းက မျက်ရည်တောင်ကျမိတယ် ”ဟု ခေါင်းအောက်ငိုက်ကာ  မြေပြင်ကို လက်နဲ့ ကုပ်ရင်း ဦးဌေးဦးက ပြောသည်။

ထန်းပင်က ထွက်ရှိသည့် ထန်းရည်ကို ထန်းလျက်အဖြစ် ပြုလုပ်ပြီး ထန်းလျက်ကို အရက်အဖြစ်ပြုလုပ်ခွင့် ကို အစိုးရကသာ ဖြေလျှော့ ပေးမည်ဆိုလျှင် အရက်သည် တန်ဖိုးမြင့် ထုတ်ကုန်ဖြစ်သည်နှင့်အညီ ထန်းလျှက်ကုန်ကြမ်းဈေးမြင့်ကာ ထန်းတောင်သူတို့၏ ဘဝသည် အဆင်ပြေချောမွေ့လိမ့်မည်ဟု ယူဆမျှော်လင့်နေကြသည်။

ယင်းသို့ဖြစ်ပေါ်လာလျှင် ထန်းတက်သမားဘဝကို ကျောခိုင်းကာ အိမ်နီးချင်နိုင်ငံများသို့သွားအလုပ်နေသူများသည် ပြန်လာနိုင်မည့် အခြေအနေ တစ်ခုလည်း ဖြစ်နေသည်။ ထန်းပင်ကို ခုတ်ရောင်းခြင်း၊ထန်းတက်သမားများ တခြားဒေသများသို့ သွားပြီး အလုပ်လုပ်ကိုင်ရန် မလိုအပ်တော့ဘဲ ထန်းတောင်သူတို့ ဘဝဖွံ့ဖြိုးတိုးတက်မှုများလည်း ရှိလာမည်ဟု ထန်းတောင်သူများက ယုံကြည်ထားကြသည်။

“ထန်းအရက်လုပ်တာကို မပိတ်ပင်စေချင်ဘူး။ ဒီစီးပွားရေးက ကျတော့ ချမ်းသာဖို့ မဟုတ်ဘူးလေ။ ကိုယ့်မိသားစု စားနိုင်သောက်နိုင်လောက်ပါပဲ။ဒီချက်အရက်ကလေးကို ကျနော်တို့ ချက်ခွင့်ပြုသင့်ပါတယ် ” ဟု လွန်ခဲ့သည့်နှစ်နှစ်က ထန်လျှက်ကို အရက်ချက်သဖြင့် အဖမ်းခံရဖူးသူ ဦးဌေးကမျှော်လင့်ချက်အပြည့်နှင့်ပြောဆိုလိုက်သည်။
ဓါတ်ပုံအတွက်စာ
၁။တစ်ပိသာ ၁၅၀၀ကျပ် တန် ထန်းလျှက်ကို အရက်ချက်ပြီးရောင်းလျှင် ၃၀၀၀ ကျပ်ခန့် ရသည်။
၂။ထန်းလျှက် ဈေးမကောင်းသဖြင့် အိမ်နီးချင်း ဖားကန့်၊ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံကဲ့သို့ ၀င်ငွေရရှိသည့် နိုင်ငံများတွင် အလုပ်သွားလုပ်နေကြသည်။
၃။ထန်းပင်တပင်သည် တစ်ရာသီလျှင် ထန်းလျှက် ပိသာ ၁၀၀ခန့် ရရှိနိုင်သည်။

Leave a Reply

Close Menu