မီဒီယာနဲ့ အဆက်ပြတ်လာတဲ့ လက်ပံတောင်

အနောက်မြောက်မြို့တော်လို့ မြို့အဝင်မုခ်ဦးချိတ်ထားတဲ့ မုံရွာ။ တည်းခိုတဲ့ဟိုတယ်ရဲ့ ခေါင်မိုးထပ်ကို တက်ပြီးအနောက်ဖက် ခပ်လှမ်းလှမ်းကို ငေးလိုက်တော့ မြင်တွေ့ရတာက စီးဆင်းနေတဲ့ ချင်းတွင်းမြစ်ကြီး။ မြစ်အရှေ့ဘက် ကမ်းနားလမ်းတလျှောက်မှာတော့ အရှေ့နဲ့အနောက်ကို ကူးတဲ့ စက်လှေတွေအပြင် ချင်းတွင်းမြစ် အထက်ပိုင်း ဟုမ္မလင်း၊ ခနီး္တစတဲ့မြို့တွေကို ပြေးဆွဲတဲ့ အမြန်ရေယာဉ်တွေရယ် ဟိုဒီဥးဒဟိုသွားလာနေတဲ့ လူတွေကို ခပ်ပြပြလေး လှမ်းမြင်နေရတယ်။ အနောက်ဘက်ကမ်းကို လှမ်းကြည့်လိုက်တဲ့အချိန်မှာတော့ ကိတ်ခြောက်အတုံး လေးတွေ ဆင့်ထပ်ထားသလို တောင်တစ်လုံးနဲ့ အစိမ်းရောင်ခရင်မ် တစ်ခြမ်းအုပ်ထားသလို တောင်တစ်လုံးကို ဆက်လျက် အနေအထားနဲ့ တွေ့ရပြန်ပါတယ်။ ဒါလက်ပံတောင်းတောင်ပါပဲ။ ကြေးနီစီမံကိန်းရှိနေတဲ့ ဒီနေရာက ဒေသခံတွေနဲ့ ကုမ္ပဏီအကြားက မြေယာ ပြဿနာတွေကို သတင်းမီဒီယာတွေမှာ နေ့စဉ်နဲ့အမျှ ဖော်ပြခဲ့ကြတာကို နှစ်နဲ့ချီပြီးတွေ့ခဲ့ကြရတယ်။ အခုတော့ ဒေသခံတွေအပြောအရ သူတို့ ဒေသခံ မီဒီယာသမားတွေပင် အဝင်မခံကြောင်းနဲ့ သွားရင် လုံခြုံရေး အာမမခံကြောင်း ပြောပါတယ်။ အဲဒါကိုက သွားလည်ကြည့်လိုက်ဖို့ ကျွန်မကို စိတ်ဝင်စားမှုကိုဖြစ်စေခဲ့ပါတယ်။

စီမံကိန်းနယ်မြေထဲက ရွာတွေကို ရောက်ရောက်ချင်းမှာပဲ မိတ်ဆွေဟောင်းတွေက သတင်းသမား အနေနဲ့ လာတာလား။ မိတ်ဆွေအနေနဲ့ လာတာလား လို့ တန်းမေးခံရတော့တာပါပဲ။ ဆားလင်းကြီးမြို့နယ်က ကြေးနီသတ္တုသိုက်အမြောက်အများရှိတဲ့ လက်ပံတောင်းတောင်ကနေ တူးဖော်ထုတ်လုပ်ခွင့်ကို ကနေဒါအခြေစိုက် အိုင်ဗင်ဟိုးကုမ္ပဏီက ကနဦးမှာ လုပ်ခဲ့တာပါ။ ဒါပေမယ့် ၂ဝ၁ဝ ခုနှစ်မှာတော့ မြန်မာ့တပ်မတော်ရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဦးပိုင်နဲ့ တရုတ်နိုင်ငံက ဝမ်ပေါင်သတ္တုတူးဖော်ရေးနဲ့ တရုတ်အစိုးရ လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ နိုရင်ကိုတို့ဟာ ဖက်စပ်စနစ်နဲ့ ကန်ထရိုက်စာချုပ်လွှဲပြောင်းယူလိုက်ပါတယ်။ ၂၉ ရက် မတ်လ ၂ဝ၁၂ ခုနှစ်မှာတော့ လက်လွှဲရယူလိုက်တဲ့ကုမ္ပဏီတွေရဲ့ မြေသိမ်းခြင်း နဲ့ စီမံကိန်းအကောင်အထည်ဖော်တဲ့လုပ်ငန်း စတင်ပါတော့တယ်။ ရက်ပိုင်းအတွင်းမှာပဲ ဒေသခံတွေရဲ့ ကန့်ကွက်ဆန္ဒပြမှု ပေါ်ပေါက်လာ ပါတော့တယ်။ အစောပိုင်းမှာတော့ တူးဖော်ရေးကုမ္ပဏီဘက်က ဒေသခံတွေဆီက မြေသိမ်းမှုမရှိဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ (၃) နှစ် မြေငှားရမ်းမှု ပြုလုပ်ခဲ့တာဖြစ်ပြီး သီးနှံလျော်ကြေး တွေပေးတယ်လို့ ပြောခဲ့ပါတယ်။ ကျောင်းသားတွေ၊ ရဟန်းတော်တွေပါ ပူးပေါင်းလာခဲ့တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေဟာသတင်းစာ၊ ဂျာနယ်တွေမှာ အားကောင်းကောင်းနဲ့တွေ့ခဲ့ရပါတယ်။ တဆက်ထဲမှာပဲ ဆန္ဒပြသူတွေကို ဒဏ်ရာအနာတရဖြစ်စေတဲ့ လုံခြုံရေးရဲတွေရဲ့ ဖြိုခွင်းမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ လက်ပံတောင်းပြဿနာဟာလည်း တနိုင်ငံလုံး အာရုံစိုက်စရာဖြစ်လာခဲ့သလို အဲဒီအချိန်က အတိုက်အခံခေါင်းဆောင် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြီးအကဲဖြစ်လာခဲ့ပါတယ်။ စီမံကိန်းဆက်လုပ်ဖို့ ကော်မရှင်က အကြံပြုခဲ့တဲ့အပေါ် ဒေသခံတွေက အမျက်ဒေါသထွက်ခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့မှာတော့ ကြေးနီစီမံကိန်း ခြံစည်းရိုးခတ်မှုတစ်ခုကို ရွာသားတွေက ကန့်ကွက်တားဆီးတာကနေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်မှုကြောင့် မိုးကြိုးပြင်ကျေးရွာသူ ဒေါ်ခင်ဝင်း သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ပါတယ်။

လက်ပံတောင်းကြေးနီ စီမံကိန်း အတွက် မြေဧကပေါင်း ၇၈၆၇ .၇၈ ဧက သိမ်းဆည်းမှုဖြစ်ပွားခဲ့ပြီး ထိ ခိုက်ခံရတဲ့ ရွာပေါင်း ၂၆ ရွာရှိပါတယ်။ အဲဒီလိုအခြေအနေမှာ ဒေသခံတွေအပေါ် ခုတုံးလုပ်ပြီး သတင်းသမားအဖြစ် တံဆိပ်ကပ် သတင်းယူသူတွေ ပေါ်ပေါက်လာ ခဲ့တယ်လို့ ဆည်တည်းရွာက မရီဝင်း ကပြောပါတယ်။ သူတို့ပြောတဲ့ အကြောင်းအရာ တွေထဲက ဥပမာ တစ်ခုကို ပြောရမယ်ဆိုရင် လက်ပံတောင်း ကြေးနီ စီမံကိန်းနေရာက ရေဆိုးထုတ်တဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ သတင်းပါပဲ။ မနှစ်က မိုးရွာလို့ ရေတက်ချိန်ဆို ရွာချောင်းတွေထဲကတဆင့် ချင်းတွင်းမြစ်ထဲကိုစွန့်ပစ်တဲ့အကြောင်း သတင်းသမားတွေကို ပြောခဲ့ပါတယ်။ အကျိုးဆက်ကတော့ မီဒီယာတချို့မှာ ပါလာပေမယ့် အတိအကျရသွားတဲ့ သတင်းသမားတချို့က ကုမ္ပဏီဘက်ကို ငွေကြေးရယူရောင်းစားတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒေသရဲ့ခြေအနေတွေ ထပ်ပြီး သတင်းပေးတဲ့အချိန်မှာတော့ သတင်းဖော်ပြချက်တွေမှာ အခြေအနေမှန်တွေနဲ့ ကွဲလွဲတာတွေ ပါလာသလို သတင်းထိန်ချန်တင်ဆက်သလိုမျိုးတွေ ဖြစ်လာခဲ့တော့ ကုမ္ပဏီဘက်က ဖြေရှင်းဆောင်ရွက် တာတွေလည်း မရှိတော့ဘူးလို့ ဆိုပါတယ်။ အကြိမ်ကြိမ် ဒီလိုဖြစ်နေတာတွေကြောင့် မြေယာပြဿနာတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာ သမားတွေကို ပြောဖို့အတွက် ဝန်လေး လာပါတော့တယ်တဲ့။ လက်ရှိမှာတော့ ရန်ကုန်၊ မန္တလေးက လာတဲ့ သတင်းထောက် မဟုတ်ဘူးဆိုရင် မုံရွာဒေသမှာရှိတဲ့ မီဒီယာသမား ၃ ဦးကလွဲရင် သူတို့အနေနဲ့ ဖြေကြားဖို့ ဆန္ဒ မရှိတော့ဘူးလို့ ဆိုပါတယ်။ ”သူ့ဝမ်းဝဖို့ ရွာသားတွေကို ရောင်းစားသွားတယ်လို့ ခံစားရလို့ ဒီက သတင်းသမားဆိုတိုင်း မယုံတော့တာ” ဟု ဆည်တည်း ရွာဟောင်းက မရီဝင်းက ပြောပါတယ်။ ရွာသားတွေအနေနဲ့ သတင်းတစ်ခုကို သတင်းစာတိုက်မှာရောင်းရင် အပြစ်မပြောပေမယ့် ကုမ္ပဏီကို ပြန်လည်ရောင်းစားတာကိုတော့ ခွင့်မလွှတ်နိုင်လို့ ရွာထဲ အဝင်မခံတာလို့ ထပ်ပြီးရှင်းပြပါတယ်။ လက်ပံတောင်းဒေသကို ဇူလိုင်လကုန်ပိုင်း အလည်အပတ် သွားရောက်တဲ့ ရက်ပိုင်းအတွင်း တွေ့ကြုံခဲ့ရတာတွေဟာ သတင်း မီဒီယာတွေမှာ ဖော်ပြခြင်းမရှိသေးတဲ့ အချက်အလက်တွေ ဖြစ်နေပါတယ်။ ဒါနဲ့ ပတ်သက်လို့ မုံရွာ အခြေစိုက် မုံရွာဂေဇက် ဂျာနယ်ရဲ့ တာဝန်ခံ အယ်ဒီတာ ကိုသက်ကတော့ ”သတင်းသမားတွေရဲ့ သဘာဝကို ရွာသားတွေနားမလည်တော့ ဒီလိုသတင်းတွေရေးသားဖို့ အခက်အခဲ ဖြစ်လာတာပဲ။ တကယ်ပဲ ဒီလိုယူတဲ့သူရှိရင် သတင်း မီဒီယာကောင်စီကိုတိုင် ကြားဖို့လိုတယ်” လို့ မှတ်ချက်ပြုပါတယ်။ လက်ပံတောင်းစီမံကိန်းနဲ့ပတ်သက်ပြီး ရွာသားတွေရဲ့ မကျေနပ်မှုကတော့ ပိုမလာရင်သာနေမယ်၊ လျော့မသွားတာ ကျွန်မကိုတစ်နေကုန်နီးပါးရ တစ်ယောက်ပြီးတစ်ယောက် လာရှင်းပြကြတာကပေါ်လွင်နေပါတယ်။ မိုးကြိုးပြင်ရွာက ဒေါ်ခင်ဝင်းနေခဲ့တဲ့အိမ်ကို အိမ်နီးချင်းဖြစ်တဲ့ သူ့အမျိုးတွေနဲ့ သူ့မိတ်ဆွေအပေါင်းအသင်းတွေက လိုက်လံပြသလို့ ကြည့်အပြီး ညနေစောင်းနေတာမို့ ကျွန်မပြန်ဖို့အတွက် ခြံဝင်းအပြင်ကိုခြေလှမ်းလိုက်ရာမှာတော့ ရွာသူအမျိုးသမီး ငယ်တစ်ဦးက” လာတော့လာမေးကြတာပဲ၊ နောက်တော့လည်း ဘာမှလည်းမဖြစ်လာဘူး။ ဘာမှလည်း မပြောင်းလဲသွားဘူး” လို့ ပြောသံကြားလိုက်ရပါတယ်။ လက်ပံတောင်းစီမံကိန်းဟာ လည်ပတ်နေပေမယ့် ဒေသခံတွေနဲ့ ကုမ္ပဏီအကြား ပြဿနာပေါင်းစုံနဲ့ ရှင်းမရသေးတဲ့ ပုစ္ဆာဖြစ်နေဆဲပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *