မကွေးတိုင်းအတွင်းက ထန်းကိုင်းရေနံမှော်မှာ အခက်အခဲတွေနဲ့ ရုန်းကန်နေရတဲ့ တစ်နိုင်တစ်ပိုင် သမားတွေရှိ…

အထမ်းသမားဘဝကနေ မိသားစုနဲ့ တစ်ကွဲတစ်ပြားနေခဲ့ရသလို ရေနံမှော်လုပ်ငန်းမှာပဲ ဘ၀မြုပ်နှံပြီး တွင်းပိုင်ဖြစ်လာတဲ့ လူတစ်ဦး မင်းလှမြို့နယ်မှာရှိပါတယ်။

သူ့နာမည်ကတော့ ကိုသန်းထွေးပါ။ သူဟာ ဆင်ဖြူကျွန်း၊ ကျွန်းညိုကျေးရွာကနေ ၂၀၁၆ ခုနှစ်ကတည်းက ရေနံခပ်အလုပ်သမားဘ၀နဲ့ ၀င်ရောက်လုပ်ကိုင်ခဲ့တာပါ။

ကိုသန်းထွေးဟာ ဒီအလုပ်မလုပ်ခင် မွေးရပ်ဇာတိမှာ ကုန်တင်ကုန်ချ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုခဲ့ပါတယ်။ ရွာမှာ အဆင်မပြေတဲ့အတွက် ထန်းကိုင်းမှာလာပြီး ပြောင်းရွှေ့ အလုပ်လုပ်ခဲ့တယ်လို့ ဇနီးဖြစ်သူက ပြောပြပါတယ်။

အလုပ်သမားဘ၀မှာ ရုန်းကန်ခဲ့ရ

အလုပ်သမားဘဝနဲ့ ရေနံတွင်းပိုင် သူဋ္ဌေးတွေမှာ ၃ နှစ်နီးပါး လုပ်ကိုင်ခဲ့ပေမယ့် မိသားစုကို မထောက်ပံ့နိုင်ခဲ့ဘူးလို့ ကိုသန်းထွေး ကပြောပါတယ်။ အဲဒီကာလတွေက သူ့အတွက် အခက်ခဲဆုံးကာလတွေပါတဲ့။

ဒါပေမယ့် သူကတော့ တစ်နေ့ကျရင် ရေနံတွင်းပိုင်ရှင် ဖြစ်ရမယ်ဆိုတဲ့ အိပ်မက်ရှိနေတဲ့အတွက် လက်မလျော့ ခဲ့ဘူးလို့ ဆိုပါတယ်။

ဒီနှစ်မှာတော့ သူ့ချွေးနည်းစာကနေ စုဆောင်းမိသမျှ ပိုက်ဆံတွေနဲ့ ရေနံတွင်းပိုင် သူဋ္ဌေးတစ်ယောက်ဆီက ရေနံကျင်း ၅ ကျင်းကို အရစ်ကျဝယ်ယူပြီး ကိုယ်ပိုင်လုပ်ကိုင်ခဲ့တယ်လို့ ဇနီးဖြစ်သူ မသူဇာလင်း က ပြောပါတယ်။ သူဝယ်တုံးက ရေနံတွင်းတစ်တွင်းကို ကျပ်တစ်သိန်းပေါက်ဈေး ရှိခဲ့ပါတယ်။

ဒါပေမယ့် ရေနံအထွက်နည်းတဲ့အတွက် ကံစွန့်ပြီး လုပ်ကိုင်နေခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိအခြေအနေမှာ တွင်းပိုင်ဖြစ်နေလျက်နှင့်ပင် တစ်ခြားတွင်းပိုင်ရှင်တွေဆီမှာ အလုပ်သမားအဖြစ် လုပ်ကိုင်နေရဆဲပါပဲ။

ရေနံထွက်ရှိမှု နဲ့ ဈေးနှုန်း

အရင်က တစ်ရက်ကို ရေနံဂါလံ ၅၀ ထွက်တဲ့တွင်းမှာ အခုဆို ၁၀ ဂါလံ လောက်ပဲ ထွက်ရှိတော့ တယ်လို့ ကိုသန်းထွေးက ပြောပြပါတယ်။

ရေနံစိမ်းဈေးနှုန်းကလည်း အရင်က တစ်ပေပါကို ကျပ် ၈ သောင်းဝန်းကျင်ရရှိပြီး အခုချိန်မှာတော့ ကျပ် ၆ သောင်းဝန်းကျင်သာ ရရှိတော့တယ်လို့ သိရပါတယ်။

မင်းလှမြို့နယ်ထဲက ရေနံမှော် လုပ်ငန်းတွေဟာ ၂၀၀၃ ခုနှစ် ဝန်းကျင်ကတည်းက ရေနံကုမ္ပဏီတွေနဲ့ တိုင်းအစိုးရတို့ညှိနှိုင်းပြီး နားလည်မှု တစ်ခုအနေနဲ့သာ လုပ်ကိုင်နေခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

  • ၃ နှစ်အတွင်း ရေနံစိမ်း ကောက်ခံရရှိငွေ ကျပ်သန်းပေါင်း ၆ ထောင်ကျော်ရရှိ
  • ထန်းကိုင်းတွင် ရေနံမှော် တွင်းရေ ၅၀၀ ကျော်ရှိ
  • ရေနံမှော်လုပ်ကိုင်သူ ၂၀၀ ကျော်ရှိနေ

ထန်းကိုင်းရေနံမှော်က တစ်နိုင်တစ်ပိုင်ရေနံတွင်းများ

 မင်းလှမြို့နယ်ထဲက ထန်းကိုင်း၊ ငနောင်မုန်၊ ဒဟတ်ပင်ရေနံမှော်တွေမှာ အရင်က လာရောက်လုပ်ကိုင်သူဦးရေ နှစ်သိန်းဝန်းကျင်အထိ ရှိခဲ့ပါတယ်။ မကွေးတိုင်းအတွင်းက ထွက်ရှိတဲ့ ရေနံစိမ်းတွေကို မုံရွာ၊ ကြံခင်း အစရှိတဲ့ ရေနံချက်စက်ရုံတွေရှိတဲ့ မြို့ တွေဆီ တင်ပို့ပြီး ကုန်ချောထုတ်လုပ်ကာ မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ဖြူးနေတာဖြစ်ပါတယ်။

ထန်းကိုင်းရေနံမြေမှာ ရေနံကျင်း ၅၀၀ ကျော်ရှိပြီး ရေနံလုပ်ကိုင်သူ ဦးရေ ၂၀၀၀ ကျော်ရှိတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့က ၂၀၁၇ ခုနှစ်မှာ ပြုစုတဲ့ စာရင်းအရ သိရပါတယ်။

ရေနံထွက်ရှိမှု နည်းနေပေမယ့် ဒီအလုပ်ကို ယုံကြည်မှုတစ်ခုအနေနဲ့သာ ဆက်လက်လုပ်ကိုင်နေတယ်လို့ ကိုသန်းထွေး က ဆိုပါတယ်။

သူ့လိုပဲ ထန်းကိုင်းကျေးရွာမှာရှိတဲ့ ဒေသခံတွေထဲမှာ တောင်ယာလုပ်ငန်း အဆင်မပြေတဲ့အတွက် ရေနံမှော်လုပ်ငန်းမှာ ဝင်ရောက် လုပ်ကိုင်ခဲ့သူတွေလည်း ရှိနေပါတယ်။

ကိုသန်းထွေးကတော့ တွင်းပိုင်ရှင်ဖြစ်လာပေမယ့် အနာဂတ်မသေချာသေးတဲ့အချိန်မှာ ဒီရေနံတွင်းတွေကို အရင်းပြုပြီးတော့ပဲ ချမ်းသာလာမယ့် အချိန်ကို မျှော်လင့်နေပါတယ်။

Leave a Reply

Close Menu