လက်ပံတောင်းရေပင်လယ်

မိုးရာသီဆိုသော်လည်း စစ်ကိုင်းတိုင်း၏ နေ့အပူချိန်က ပြင်းလှသည်။ မုံရွာမြို့၏ အနောက်ဘက် ချင်းတွင်းမြစ်နှင့် အပြိုင်ဖောက်ထားသည့် ပခုက္ကူ – မုံရွာလမ်း တလျှောက် လေက တဖြူးဖြူး တိုက်နေ သည်။ လမ်းဘေးတလျှောက်ရွာတွေက ရွာသားတွေကတော့ တဖြူးဖြူးတိုက်နေသည့် လေနှင့် အပူချိန်ကို ဂရုမစိုက်အား။နောက်တကြိမ် ဘယ်အချိန်တက်လာမှာမှန်းမသိတဲ့ ချင်းတွင်း မြစ်ရေကြောင့် အိမ်လည်း ပြန်မရ။ ကြိုတင်ကာကွယ်တာ လည်းဖြစ်၊ ပြေးစရာမြေလည်း မရှိမယ့်အတူ ကားလမ်းမပေါ်တက် ကတ္တရာ လမ်းဘေး မြေသားပေါ် လှည်းတစီးနဲ့ တဲထိုးနေသည်မှာ ၀ါဆိုလပြည့် ဇူလိုင် ၈ ရက်ကစလို့ရေတွက်လျှင် ၁၉ ရက် ရှိလာပြီဖြစ်သည်။

ယခင်က ချင်းတွင်းမြစ်ရေလျှံလျှင် ရေများသည် ကမ်းနားရွာများသာမက လက်ပံတောင်းတောင် ခြေအထိ ရောက်သည် ဖြစ်ရာရေကြီးသည့်ဒဏ်ကို သိပ်မခံစားရ။ ၂၀၁၃ ခုနှစ်တွင်  လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွင်း ရေ၀င်သည်ကို ကာကွယ်ရန်အတွက် မြေဘောင်ဖို့ကာ တမံတုတ်လိုက်သည်။ ယင်းနှစ်နှောင်းပိုင်းမှ စတင်၍ ရေပြန့်ရန်နေရာ မရှိတော့သည့်အတွက် ရေကြီးသည့်ဒဏ်ကို ခံစားခဲ့ရသည်။အထူးသဖြင့် လက်ပံတောင်းတောင် အရှေ့ဘက်၊ ချင်းတွင်းမြစ် အနောက်ဘက်ခြမ်းရှိ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ရွာရှည်အုပ်စုနှင့် တောကျောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၁၂ ခုမှာ နှစ်စဉ် ရေဘေး ဒဏ်ကို ကြုံနေရသည်။“အစကရေက လက်ပံတောင်းတောင်ခြေထိရောက်တော့ နေရထိုင်ရတာအဆင်ပြေတယ်။ ရေကခါးလောက်ရှိတယ်။ အခု လက်ပံတောင်းတောင် စလိုက်တော့ တာရိုးတွေကာလိုက်တော့ ရေက လက်ခုတ်တဖောင် ပြည့်တော့မယ်” ဟု ရေဘေးဒဏ် ခံစားနေရသည့် တုံအလယ်တောရွာက ကိုဇင်မင်းဖြိုးကပြောသည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်အထိ ချင်းတွင်းမြစ်ရ တက်သည်ကို မစိုးရိမ်သည့် ရွှေလှေ မြေနုကျွန်း အတွင်းရှိ ထန်းတော ပိုင်ရှင် အင်းသူ စာရင်းတွင် ဒေါ်မြတ်သိန်း တယောက်ပါဝင်ခဲ့သည်။ ယခုအချိန် တွင်တော့ လက်ပံတောင်းကြေးနီစီမံကိန်းကြောင့် ထန်းတောများသိမ်းခံထားရသည့် သူမ ပြေးရန် မြေမရှိသည့်အတွက် စိုးရိမ်နေရသည်။သူ့အတွက်ထက် အသက်အရွယ်ရလာသည့် ခင်ပွန်းသည်နှင့် ကာယလုပ်သားအဖြစ် ချင်းတွင်း မြစ် ကိုဖြတ်၍ မုံရွာသို့ နေ့စဉ်သွားနေရသည့် သားဖြစ်သူအတွက် ဖြစ်သည်။ သူ့အတွက် အခြားအပူအပင် တွေကလည်း ရှိနေသေးသည်။“ရေထွက်စရာ နေရာမရှိတော့ ရွှေလှေက အင်းကြီးလိုဖြစ်နေတာ။ ရေကကြီးလာတော့ နွားတွေပါ လမ်းပေါ်ခေါ်ထားရတယ်။ ကိုယ်က နွားရှိမှ အလုပ်ဖြစ်တာကိုး” ဟု ဒေါ်မြတ်သိန်းကဆိုသည်။

ဒေသခံတွေအတွကကတော့ ရေကြီးတာဟာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့်လို့ တထစ်ချ တွက်ချက်ထားသည်။ သူတို့၏ ထင်မြင်တွက်ချက်မှုများနှင့်ပတ်သက်၍ စီမံကိန်းအတွင်းရှိ ရုံးခန်းသို့သွားရောက်ဆက်သွယ်စဉ် အစည်းအဝေးပြုလုပ်နေသည့်အတွက် စောင့်ဆိုင်းပေးရန် ပြောခဲ့ ပြန်ပါသည်။ သို့သော် မည်သို့မျှ အကြောင်းမပြန်သည့်အတွက် ရန်ကုန်ရှိ မြန်မာဝမ်ပေါင်ရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှာ တရုတ်နိုင်ငံသို့ ပြန်သွားသည့်အတွက် ဖြေကြားပေးနိုင်ခြင်း မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ MJI မှသင်တန်းသားများ ကွင်းဆင်းသတင်းထုတ်လုပ်သည့် ၁၀ ရက်အတွင်း မြန်မာဝမ်ပေါင်ကုမ္ပဏီကို ဆက်သွယ်သော်လည်း ကုမ္ပဏီဘက်မှ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။ ရေဘေးလွှတ်ရာကို ထွက်ပြေးနေရသည့် ရွာသားများသည် ယခင်က လက်ပံတောင်းတောင်ထိ ပြေး၍ ရသည်။ ယခုအချိန်တွင်မူ ရေလွှတ်ရာ စီမံကိန်းမြေအတွင်း ထွက်ပြေး၍ မရသည့်အတွက် ရေလွှတ်သည့် ကားလမ်းမပေါ်သို့ ထွက်ကာ နေထိုင်ကြသည်။ ဇူလိုင်လအတွင်း ရေအတက်ဆုံး နေ့ရက်များတွင် လမ်းမများပေါ်၌ပင် တစ်ပေခွဲခန့် (လူကြီးအရပ် ဒူးဆစ်မြုတ်သည်) အထိ မြုပ်သည်။။ဇူလိုင်လကုန်ပိုင်းတွင် မုံရွာမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ကျဆင်းခဲ့ပြီဖြစ်သော်လည်း ကျေးရွာများတွင်မူ ထင်သလောက်ရေမကျ။ ထို့ပြင် ယခုနှစ်အတွင်း ရေနှစ်ကြိမ်ခန့် ထပ်မံတက်ဦးမည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များကြောင့် ရွှေလှေရွာသူ မရီဝင်းကလည်း သူ၏ ခံစားချက်ကို ယခုကဲ့သို့ ထုတ်ဖော် ပြောဆိုပြန်ပါသည်။ “ရေက နှာခေါင်းနားရောက်နေလည်း ဘယ်အချိန်ပြန်ကျမှာမှန်းမသိလို့ နှမ်းတွေရိတ်တာ ရွံ့ရည် တွေကို ၀ရော။ နေစရာမရှိလို့ လမ်းပေါ်တက်နေတော့လည်း ပြောခံရတယ်” ဟု ၎င်းက ပြောဆိုသည်။

ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် တစ်နှစ်ထက် တစ်နှစ် စိုးရိမ်ရေမှတ်ထက် ကျော်လွန်လျက် ရှိသည်။ ချင်းတွင်းမြစ်အထက်ပိုင်း သတ္တုအလွန်အကျွံ တူးဖော်သည့်အတွက် မြစ်ကြမ်းပြင်မြှင့်တက် လာသည်ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက သုံးသပ်ပြောကြားသော်လည်း တိကျသည့် တိုင်းတာမှုများမရှိခဲ့သည့်အတွက် ပြောရန်ခက်ခဲလှသည်ဟု ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။ ရေလွှမ်းသည့်အခြေအနေများကို ကာကွယ်ရန်  ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနက မြစ်ကြောင်းများထိန်သိမ်းခြင်း၊ ဆောက်လုပ်ရေး ၀န်ကြီးဌာနက တာတမံများ ဆောက်လုပ်ခြင်း လုပ်ငန်းစဉ်များကို နှစ်စဉ်အကောင်အထည် ဖော်နေသည်။ သို့သော် တိုင်းဒေသကြီး၏ မြို့တော် မုံရွာမြို့ကိုသာ ဦးစားပေး လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့် မြစ်တဖက်ကမ်း ဒေသများမှာ  နှစ်စဉ် စိုးရိမ်ရေအမှတ်ထက် သုံးပေခွဲမှ ခုနှစ်ပေ ပေခန့် သာ ရေလွှမ်းသည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အချက်အလက်များ အရ သိရသည်။ လက်တွေ့တွင် အနောက်ဘက်ကမ်း မြေနိမ့်ချိုင့်ဝှမ်းအတွင်း နေထိုင်သူများအတွက် ရေလျှံသည့် ဒဏ်အပြင် ရေပြန်လည် စီးဆင်းရန်လမ်းမရှိသည့် အခြေအနေနှင့် တွေ့ကြုံနေရသည်။

ယခုကဲ့သို့ နှစ်စဉ် စိုးရိမ်ရေမှတ် ပိုမိုကျော်လွန်ခြင်း ပိုမိုဖြစ်ပေါ်လာခြင်းများကို ထိန်းသိမ်းရန်မှာ မြစ်ကြောင်းတလျှောက် အသေးစားမှ အကြီးစား သတ္တု တူးဖော်သူများကို လုပ်ကိုင်ခွင့် မချပေးမီ သေချာ စွာ စိစစ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု မရှိအောင် လုပ်ဆောင်နိုင်မှ လုပ်ကိုင်ခွင့် ချပေး သင့်သည်ဟု မုံရွာမြို့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူးက ဆိုသည်။ ပြည်ထောင်စုအစိုးရက ဦးဆောင်ပြီး စီမံကိန်းချမှတ်ပြီး အဖွဲ့အစည်းအားလုံးက ပါဝင်လုပ်ဆောင် မှသာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်သည့် ရေလျှံခြင်းကို ကာကွယ်နိုင်မည်။ ရေလမ်းကြောင်း နေရာကို လူအများက နေရာယူ အဆောက်အအုံဆောက်လုပ်ပါက ရေက လူကို ပြန်ဒုက္ခပေးမည့် အခြေအနေဖြစ်ပြီး လူတိုင်းအသိတရားဖြင့် ပါဝင်ခြင်းကာသာ ကာကွယ်နိုင်မည့် နည်းလမ်းဖြစ်သည်ဟု ၎င်းက သုံးသပ် ပြောဆိုခဲ့သည်။

Link –

https://en.wikipedia.org/wiki/Wanbao_Mining

Government

http://www.dwir.gov.mm/

http://www.dwir.gov.mm/index.php/myanmar-home

http://www.mining.gov.mm/DM_mm/1.DM_mm/Details.asp?submenuID=8&sid=826

http://www.mining.gov.mm/DM/1.DM/details.asp?submenuID=7&sid=518

Others

http://themimu.info/

https://books.google.com.mm/books?id=sUhDDgAAQBAJ&pg=PA133&lpg=PA133&dq=Wanbao+Myanmar+nickel+mine&source=bl&ots=JwmMwaBzh4&sig=5mDLyiD7iT9F1tjvoVAS6yH67f4&hl=en&sa=X&ved=0ahUKEwiH4JbJkaLVAhXEv7wKHVpUDA0Q6AEIWTAH#v=onepage&q&f=false

Leave a Reply

Your email address will not be published. Required fields are marked *