လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်အတွက် ရုန်းကန်နေဆဲ မကွေး

နို့နှစ်ရောင်ရှပ်အင်္ကျီလက်ရှည်နှင့် ကချင်ပုဆိုးဝတ်ထားပြီး နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးစပ်ကြား အသားညိုညို၊ အရပ်ခပ်ရှည်ရှည် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ယောက်သည် မော်တော်ဆိုင်ကယ်စီးကာ မကွေးတိုင်းဒေသကြီး၏ အဓိကနေရာတစ်ခုဖြစ်သော လွှတ်တော် ပရဝဏ်သို့ရောက်လာသည်။

ထို့နောက်ဆိုင်ကယ်ရပ်ကာ မှတ်ပုံတင်ဌာနတွင် သက်သေခံကတ် ပြလျက် အဝင်လက်မှတ် ထိုးဖို့လုပ်နေစဉ် ယင်းမှတ်ပုံတင်ဌာနမှ အမျိုးသမီးဝန်ထမ်းက “သတင်းယူဖို့လား” ဟု အမေးကို “ဟုတ်တယ်…သတင်းယူဖို့” ဟုဖြေလိုက်သံသည့် အနီးရှိလူများထံ
ပျံ့လွင့်လို့လာသည်။
“အစည်းအဝေးက ခုနကပဲ ပြီးသွားပြီရှင့်” ဟုပြောလေရာ ခန့်မှန်းထားသည့် အချိန်ထက် အစည်းအဝေး စောပြီးသွားပြီဖြစ်ကြောင်း သူနားလည်လိုက်ပုံရသည်။ ဖုန်းမှနာရီကို ထုတ်ကြည့်ရာ ၁၁ နာရီ ၁၁ မိနစ်ရှိပြီ။ ထိုလူမှာ မကွေးဂျာနယ်၏ အယ်ဒီတာချုပ် ဦးဇော်မင်းကြည်ဖြစ်သည်။

သို့သော် ကြီးကြီးမားလွဲချော်မှုဟု မဆိုနိုင်။ ၎င်း၏ လုပ်ဖော်ကိုင်ဘက် တာဝန်ခံအယ်ဒီတာက ယင်းအစည်းအဝေး သတင်းယူရန် အစောကြီးကတည်းက ရောက်နှင့်နေပြီးသားဖြစ်သည်။ ထို့ကြောင့် အဝါရောင် နှစ်ထပ်အဆောက်အဦ လွှတ်တော်ရုံးရှေ့တွင် လုပ်ဖော်ကိုင်ဘက်ကို ရပ်စောင့်ရင်း အစည်းအဝေးပြီး၍ ရုံးအတွင်းမှထွက်လာသော ကိုယ်စားလှယ်တချို့နှင့် ရင်းရင်းနှီးနှီး ပြုံးပြနှုတ်ဆက်နေလိုက်သည်။

ဆယ်မိနစ်ခန့်အကြာတွင် အရပ်ခပ်ပြတ်ပြတ်နှင့် တခေါင်းလုံး ဖြူဖွေးနေပြီး ကျောပိုးအိတ်လွယ်ထားသော အသက် ၅၀ အရွယ်အမျိုးသား တစ်ဦးသည် တက်ကြွသောခြေလှမ်းများဖြင့် လွှတ်တော်ရုံးအပေါ်ထပ်မှ ဆင်းလာသည့် လုပ်ဖော်ကိုင်ဘက်ဖြစ်ပုံရသူကို လှမ်းတွေ့ လိုက်ရသည်။

ထိုလူမှာ မကွေးဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမြင့်ဇော်ဦးဖြစ်သည်။ အနားရောက်ရောက်ချင်းမှာပင် “အခြေအနေဘယ်လိုလဲ” ဟု မေးလိုက်သံ ထွက်ပေါ်လာသည်။ ထို့နောက် အထွက်လက်မှတ်ထိုးပြီး သတင်းရင်းမြစ်များနှင့် တွေ့ရန်ချိန်းဆိုထားသည့် လက်ဖက်ရည်ဆိုင်ဆီသို့ ဆိုင်ကယ်ကိုယ်စီဖြင့် ဦးတည်ချီတက်ခဲ့ကြသည်။ 

ကိုဇော်မင်းကြည်နှင့် ကိုမြင့်ဇော်ဦးတို့ နှစ်ဦးသည် ရှစ်ဆယ့်ရှစ် အရေးတော်ပုံကြီးတွင်လည်း တက်ကြွစွာ ပါဝင်ခဲ့ပြီး ၂၀၀၇ ခုနှစ်ကနေစ၍ DVB, RFA စသည့် သတင်းဌာနများသို့ ထောင်မကြောက် တန်းမကြောက် သတင်းများပေးပို့ခဲ့ကာ လက်ရှိ တွင်လည်း မကွေးဂျာနယ်ကို ဦးစီးထုတ်ဝေ နေသူများဖြစ်ကြသဖြင့် အခြေခံလူ့အခွင့်အရေး ဖြစ်သည့် လွတ်လပ်စွာထုတ်ဖော်ခွင်နှင့် သတင်း လွတ်လပ်ခွင့် အတွက် ရုန်းကန်ခဲ့ရသူများဟု ဆိုကောင်းဆိုနိုင်သည်။

၎င်းတို့ထုတ်ဝေနေသော မကွေးဂျာနယ်သည် ၂၀၁၆ ခုနှစ်တွင်စတင်ခဲ့ပြီး မကွေးတိုင်းအတွင်းရှိပြည်သူများ သိသင့်သိထိုက်သည့် သတင်းများကို တင်ဆက်ပေးနေသော ဒေသတွင်း အခြေပြု ဂျာနယ်တစ်စောင်ဖြစ်သည်။

ထို့ပြင် မကွေးဂျာနယ်ထက် တစ်နှစ်စော၍ ထုတ်ဝေသော မြေလတ်ဂျာနယ်လည်းရှိနေပြန်သေးသည်။ ယင်းအချက်သည်ပင် တချိန်က စာပေဟောပြောပွဲများ အပါအ၀င် လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်ခံရမှုတွင် နာမည်ကြီးသော မကွေးတိုင်း၏ စိတ်ဝင်စားစရာ အခြေအနေ တစ်ခုလည်းဖြစ်သည်။ 

 

တိုင်းဒေသကြီးအစိုးရအသစ်က ကြိုဆိုလျက်

“အရင်တုန်းက စာပေဗဟုသုတနဲ့ ပတ်သက်ရင် မကွေးတိုင်းက နာမည်အကြီးဆုံး။ ဘာစာပေဟောပြောပွဲမှ လုပ်ခွင့်မရှိဘူး။ သူတို့နဲ့ ပလဲနံပ သင့်တဲ့ ဟောပြောပွဲတောင်မှ အကန့်အသတ်နဲ့ပဲ ခွင့်ပြုတယ်။ သူတို့ မနှစ်သက်တဲ့ စာရေးဆရာဆိုရင် အဝင်တောင်မခံဘူး။ စာပေ ဟောပြောပွဲ စီစဉ်ပြီးသားတွေ၊ ပရိသတ်တွေလည်း အကုန်ရောက်နေပြီ။ အဲဒီအချိန်မှ တာဝန်ရှိတဲ့ သူတွေက ခွင့်မပြုဘူးဆိုပြီး လာပိတ်တော့ အကုန်သိမ်းပြီးပြန်ရတာ။ အဲဒီ လောက်ထိ ကျနော်တို့မှာ ဖိနှိပ်ချိုးဖဲ့ ခံခဲ့ရတယ်” ဟု အတွေးရိပ် စာပေမှ အသက် (၆၂) နှစ် အရွယ်ရှိ ဦးတင်လှက ယခင်ဝန်ကြီးချုပ်ဟောင်း ဖုန်းမော်ရွှေလက်ထက်ကို ရည်ညွှန်းပြောဆိုသည်။

သို့သော် ယခု NLD အစိုးရလက်ထက်တွင် တစ်နှစ်တစ်ကြိမ် စာပေ ဟောပြောပွဲများ ကျင်းပလာနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

မကွေး နည်းပညာတက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသား ကိုချစ်ဝင်းမောင်က “မှတ်မှတ်ရရ ဒီအစိုးရတက်လာပြီး ပထမ ခြောက်လပတ် အစီရင်ခံစာမှာ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးခေါင်းစဉ် အောက်ကနေ ကျောင်းသားသမဂ္ဂတွေရဲ့ လှုပ်ရှားမှုတွေကို ထည့်ရေးပေးလိုက်တဲ့ အတွက် လက်မခံနိုင်တာကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို စာတင်ပြီး တွေ့ဆုံဆွေးနွေးခွင့် တောင်းခဲ့တယ်။ သုံးလကျော်လောက် အကြာမှာ တွေ့ခွင့်ရခဲ့ပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ အစိုးရစက်မှုလက်မှု သိပ္ပံကကျောင်းက ကျောင်းသားသမဂ္ဂတွေဟာ  ကျောင်းရဲ့ လိုအပ်ချက်တွေနဲ့ အခက်အခဲတွေကို တိုက်ရိုက် တောင်းဆိုခွင့်ရခဲ့ကြတယ်” ဟုပြောသည်။

ထိုကိစ္စနောက်ပိုင်းတွင်း ကျောင်းမှ အခက်အခဲများကို လွှတ်တော်ရေးရာကော်မတီ (ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဘဝ ဖွံဖြိုးတိုးတက်ရေး) ကိုသော်လည်းကောင်း၊ အစိုးရအဖွဲ့ကိုသော်လည်းကောင်း သွားပြောနိုင်သည့် အခြေအနေရှိသည်ဟု ၎င်းကဆိုသည်။ 

“ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက လွှတ်တော်အတွင်းကို သတင်းရယူခွင့် လုံးဝမရှိခဲ့ဘူး။ လွှတ်တော်က ထုတ်ပြန်ပေးတဲ့ သတင်းကိုပဲ ယူခွင့်ရခဲ့တယ်။ အဲဒီတော့ ဘက်မျှအောင်ရေးဖို့ရာအတွက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေကို နားလည်လာအောင်၊ ပြောလာအောင် စည်းရုံးခဲ့ရတယ်” ဟု ဦးမြင့်ဇော်ဦးက သတင်းရယူရန် ကြိုးစားခဲ့ရပုံနည်းနာကို ပြန်ပြောင်းပြောသည်။

ယခုအစိုးရလက်ထက် လွှတ်တော်အစပိုင်းတွင် သတင်းယူရသည်မှာ အကန့်အသတ်တချို့ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် လွတ်လွတ်လပ်လပ် သတင်းယူခွင့်ရခဲ့ကြောင်း ၎င်းကဆိုသည်။

လွတ်လပ်ပြီဟု တထစ်ချမှတ်ယူဖို့ခက်ခဲပြန်

မြေလတ်ဂျာနယ် အယ်ဒီတာချုပ် ဦးဝင်းကြည်က “ဌာနဆိုင်ရာက အထက်အရာရှိတွေရော၊ အောက်ခြေဝန်ထမ်းတွေရောပဲ မီဒီယာနဲ့ပြောရမှာ ကြောက်နေကြတယ်။ သတင်းသမားတွေကလည်း အစရရင် အရှည်ကြီး ဆွဲထုတ်တာကိုး။ အဲဒီတော့ မှားပြောမိလို့ သတင်းထဲပါသွားရင် သူတို့ ဒုက္ခရောက်မယ်” ဟု မကွေးတိုင်း ဌာနဆိုင်ရာဝန်ထမ်းများထံမှ သတင်းရယူဖို့ခက်ခဲသည့်အကြောင်း ရှင်းပြသည်။ 

အတွေးရိပ် စာပေမှ ဦးတင်လှက “အစိုးရက ခုထက်ထိ သူတို့ပုံရိပ်ကိုထိခိုက်တာမျိုးကို လက်မခံနိုင်သေးဘူး။ ဦးသိန်းစိန် အစိုးရ လက်ထက်တုန်းက တဝက်တပြတ်ဒီမိုကရေစီလို့ ပြောခဲ့ရာကနေ အခုအန်အယ်လ်ဒီ အစိုးရလက်ထက်မှာလည်း ဒီမိုကရေစီစစ်ပါတယ်လို့ တထစ်ချ မမှတ်ယူနိုင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ စစ်တပ်အစိုးရနဲ့ NLD အစိုးရဆိုပြီး နှစ်ခုရှိနေတာကိုး။ ဒါကြောင့် ၆၆ (ဃ) ဆိုတာလည်း အဲဒီအကျိုးဆက်လို့ပဲ ကျနော်ကမြင်တယ်” ဟု သုံးသပ်ပြောဆိုသည်။

ပြည်သူတွေ ပြောရဲဆိုရဲဖြစ်လာအောင် ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ကို ဖျက်သိမ်းစေချင်ကြောင်း ၎င်း၏ ဆန္ဒကို ထုတ်ဖော်ပြောကြားသည်။

“ကျနော်တို့သတင်းရေးတဲ့အခါမှာ NLD ကို ဝေဖန်ထောက်ပြတာကို စာဖတ်ပရိသတ်တချို့က အစိုးရကို၊ NLD ကို ဆန့်ကျင်တာလို့ မြင်လာတယ်။ အဲဒီ အခါကျတော့ ထိန်းနေရတယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ဆာလုပ်နေရတာ မကောင်းဘူး။ မဖြစ်သင့်ဘူးလို့ ကျနော် ထင်တယ်” ဟု ဦးဇော်မင်းကြည်က ပြောသည်။ မကွေးတိုင်းတွင် အရက်ဖက် အဖွဲ့အစည်းများထံမှလည်း သတင်းရယူရာတွင် အခက်အခဲ ရှိနေကြောင်း ၎င်းကဆိုသည်။
ကျောင်းသားများသည် အခွင့်အရေးများကို အတိုင်းအတာတစ်ခုအထိ တောင်းဆိုရကောင်းမှန်း သိလာကြသော်လည်း မိဘများ၊ဆရာများက တစ်နှစ် တစ်တန်း အောင်အောင်လုပ်ဆိုကာ သဘောထားမပြောင်းသေးကြောင်း မကွေးနည်းပညာတက္ကသိုလ် ကျောင်းသား ကိုချစ်ဝင်းမောင်ကပြောသည်။

“ကျနော်တို့ မျှော်မှန်းသလို အကြောက်တရား ကင်းကင်းနဲ့ ပြောရဲဆိုရဲအနေအထားကိုတော့ မရောက်နိုင်သေးဘူး” ဟု ၎င်းက မှတ်ချက်ပြုပြောဆိုသည်။

အနံ့ခံသတ္တဝါများနှင့် ကြုံရသည့်အခါ

မကွေးတိုင်းတွင် သတင်းသမားများ သတင်းလိုက်ရာတွင် ထောက်လှမ်းရေးများ လိုက်လံစုံစမ်းမှုသည် ယခုအချိန်ထိ ရှိနေဆဲ ဖြစ်သည်ဟုသိရသည်။

“သူတို့ကလည်း အထက်ကို သတင်းပို့ဖို့ ကျနော်တို့နောက်ကို  တောက်လျှောက်လိုက်နေတာဆိုတော့  အလုပ်လုပ်ရတာ အနှောင့် အယှက်ဖြစ်ရတယ်။ ဒီတော့ ကျနော်က သူတို့သိချင်တာပြောပြပေးပြီး လိုက်မနှောင့်ယှက်ဖို့ နားလည်အောင်ပြောပြရတယ်” ဟု ဦးမြင့်ဇော်ဦး က ပြောသည်။

 “ခုချိန်ထိရှိနေဆဲပါပဲ ကျနော်တို့ဘာလုပ်လုပ် နောက်ကနေလိုက်နေတုန်းပဲ။ အသွင်သဏ္ဍာန်သာ ကွာသွားတယ်။ ကျနော်တို့ရဲ့ သတင်းအချက်အလက်တွေ အကုန်လုံး သူတို့ယူတယ်။ နောက်ဆုံး ပြည်ထဲရေးမှာ ဂိတ်ဆုံးတယ်” ဟု ထောက်လှမ်းရေးများ၏ ကျောင်းသားများ လှုပ်ရှားဆောင်ရွက်မှု မှန်သမျှကို စောင့်ကြည့်နေသည့်အခြေအနေကို ကိုချစ်ဝင်းမောင်ကပြောသည်။

ထို့ကြောင့်လည်း ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုကို နယ်လုံဝန်ကြီး၏ အစီအရင်ခံစာတွင် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးမှု ခေါင်းစဉ်အောက် ထည့်ခြင်းဖြစ်သည်ဟု ကျောင်းသားများက ထင်မှတ်ကြောင်း ၎င်းကဆိုသည်။

တစ်လှမ်းချင်းလှမ်းလို့ ရောက်အောင်သွားမယ်လေ

“ကိုယ့်အမြင် ကိုယ့်ရှုထောင့်ကနေပြီးတော့ ပြည်သူတစ်ယောက်အနေနဲ့ လွတ်လွတ်လပ်ပြောကို ပြောသင့်တယ်။ ပြည်သူတွေက (အုပ်ချုပ်သူတွေရဲ့) အမှားကို လက်တွေ့ ခံစားရတာကိုး။ မြုံထားရတာ၊ အောင့်ထားရတာ မကောင်းဘူး၊ တချိန်ချိန်မှာ ပေါက်ကွဲ လာနိုင်တယ်” ဟု ဦးတင်လှကပြောသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်ကို မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ တွင် တည်ဆဲဥပဒေများနှင့်အညီ ကျင့်သုံးနိုင်ကြောင်း ထည့်သွင်းပြဌာန်းထားပြီးဖြစ်သည်။

“လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ဟာ ကျနော်တို့ရဲ့ မွေးရာပါအခွင့်အရေးဖြစ်တယ်။ ကျနော့်သဘောထားကို ပြောရရင် ဥပဒေ ပြဌာန်းပေးစရာတောင်မလိုဘူး။ ဥပဒေနဲ့ဆို ပြစ်ဒဏ်တွေ အရေးယူတာတွေပါလာနိုင်တယ်” ဟု ဦးဇော်မင်းကြည်က ပြောသည်။

အခက်အခဲများ၊ မလွတ်လပ်မှုများ မည်မျှရှိစေကာမူ RFA ၏ ဇော်တူးဇော် (ဇော်2ဇော်) ကလောင်အမည်ခံ မကွေးဂျာနယ် အယ်ဒီတာ နှစ်ဦးသည် စာဖတ်သူနှင့်ပြည်သူကို စေတနာထားကာ လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်ကို ဆွဲကိုင်ရင်း ပြည်သူများ၏ အခြေခံအခွင့်အရေး တစ်ခုဖြစ်သော သတင်းသိရှိပိုင်ခွင့်အတွက် ရည်ရွယ်ကာ နောက်တစ်ပတ် ထုတ်မည့် မကွေးဂျာနယ်အတွက် အစွမ်းကုန်ပြင်ဆင်လျက် ရှိသည်ကို တွေ့ခဲ့ရသည်။ 

Leave a Reply

Close Menu