အထွက်နှုန်းကျဆင်းမှုဒဏ်ကို ရင်ဆိုင်နေရသည့် နှမ်းစိုက်တောင်သူများ

ထန်းလက်၊ ဝါးခြမ်းပြားများဖြင့် ပြုလုပ်ထားသည် ကုတင်ပေါ်တွင် အသက် ၄ဝ ဝန်းကျင်အရွယ်ရှိ လူတစ်ယောက် ခေါင်းငိုက်စိုက်ချရင်း ထိုင်နေသည်။ သူ့အမည်က ကိုမိုးဖြစ်သည်။ နေ့လယ် မွန်းတည့် ချိန်ဖြစ်သည်နှင့်အမျှ ကိုးမိုးမျက်နှာတွင် ချွေးစက်များက ကော်ဘူးကို အပ်နှင့်အပေါက်များ ဖောက်၍ ရေထည့်ထားသည့် ရေဘူးပမာ တစက်စက် ကိုယ်အောက်ပိုင်းသို့ ကျဆင်းနေသည်။

သူက နွားကျောင်းရာကနေ ပြန်လာပြီး သူ့အိမ်ရှေ့က ကုတင်ပေါ်တွင် ခေတ္တ နားနေခြင်း ဖြစ်သည်ဟု သိလိုက်ရပါသည်။ သူ့အိမ်ကတော့ ထန်းရွက်မိုး၊ သစ်တိုင်ထောင်၊ ဘေးပတ်လည် အကာအရံများ မတွေ့ခဲ့ပါ။ ကိုမိုးအိမ်က နတ်ကန်ရွာ အဝင်လမ်း အသွား ညာဘက် ကပ်လျက်တွင် ရှိနေပါသည်။ လမ်း၏ ဘယ်ဘက်တွင် သစ်ပင်ကြီးတစ်ပင် ရှိနေပြီး ထိုအပင်က လမ်းဘက်ကို ကိုင်းကျနေသည်။

ကိုမိုးက နေ့လယ်ပိုင်းဆို အိမ်ထဲတွင် မနေဘဲ အပင်ကြီး၏ အရိပ်အောက်တွင် ကုတင်၊ ကုလားထိုင် ချထားပြီး နေလေ့ရှိသည်။

ကိုမိုးတို့ မိသားစုဝင် လေးယောက်ရှိသည်။ သူတို့က နှမ်းစိုက်တောင်သူများ ဖြစ်ကြသည်။ ယခုနှစ် နှမ်းထွက်နှုန်းက လျော့ကျမည် ဖြစ်သောကြောင့် စိုက်ပျိုးစဉ်က ချေးထားသည့် ငွေများ ပြန်ဆပ်နိုင်ဖို့ အဆင်မပြေမည်ကို စိုးရိမ်နေသည်။ နှမ်း တစ်ဧကအတွက် အစိုးရက ကျပ်နှစ်သိန်း ချေးပေးထားသည့် ငွေကို ပြန်ဆပ်ရန် ခက်ခဲနေခြင်း ဖြစ်သည်။

“ဒီနှစ်တော့ အရှုံးပေါ်မှာပဲ။ ရှုံးမယ်ဆိုတာ သိပြီးသားပဲ။ ဘာလို့ဆိုတော့ အထွက်နှုန်းက မရှိတော့ ဘူးလေ။ အရင်နှစ်က တစ်ဧက ၁၅ တင်း၊ ၁၆ တင်း ထွက်တဲ့ဟာ၊ ဒီနှစ်က သုံးတင်း၊ လေးတင်းတောင် မထွက်လောက်ဘူး” ဟု စိုက်ပျိုးထားသည့် နှမ်းခင်းဘက်ကို လှည့်ကြည့်ရင်း ကိုမိုးက ပြောသည်။

နှမ်းတစ်တင်းကို ကျပ်ငါးသောင်းဈေးနှင့် တွက်လျှင်တောင် တစ်ဧကကို တစ်သိန်းခွဲကျော်လောက်သာ ရနိုင်တော့မည် ဖြစ်သည်။ သူတို့ချေးထားသည့် တစ်ဧက နှစ်သိန်း ချေးငွေပင် ပြန်မရ။ သူတို့ လုပ်အား၊ သူတို့ ကုန်ထားရသည့် အချိန်များ မပါသေး။

မရိတ်သိမ်းရသေးသည့် နှမ်းခင်းကို ထွက်နှုန်းနည်းမည်ဟု အဘယ်ကြောင့် ကြိုသိနေလဲဟု မေးကြည့်ရာ ကိုမိုးက “တစ်ပင်တစ်ပင်ကို နှမ်းသီး ဆယ့်ကိုးလုံးပဲ ရှိတယ်ဆိုတော့လေ။ အကိုင်းအခက် ကလည်း မိုးဒဏ်ခံလိုက်ရတော့ မထွက်တော့ဘူးလေ” ဟု ကွမ်းယာဝါးရင်း ကိုမိုးက အနောက်ဘက်ကို လှည့်ပြီး ပြောသည်။

နှမ်းထွက်နှုန်း လျော့နည်းတာက ကိုမိုး တစ်ဦးတည်မဟုတ်ဘဲ မကွေးတိုင်းအတွင်း ရှိသည့် တောင်သူ အားလုံးနီးပါး ရင်ဆိုင်နေရခြင်း ဖြစ်သည်။ အထူးသဖြင့် ယခုနှစ် နှမ်းထွက်နည်းသည်ကို မကွေးမြို့မှ နတ်မောက် လမ်းခွဲအထိ လမ်းဘေး စိုက်ခင်းများရှိ နှမ်းစိုက်တောင်သူများအားလုံးလိုလို ရင်ဆိုင် တွေ့ကြုံနေရခြင်း ဖြစ်သည်။

နှမ်းခင်းထဲတွင်တော့ ဟိုတစ်ကွက်၊ သည်တစ်ကွက် စုပုံထားသည့် နုတ်ပြီးသား နှမ်းပင်များက ပြန့်ကျဲ နေသည်။ အသက် ၃၀ ဝန်းကျင်ခန့်ရှိ အမျိုသမီးတချို့သည် အပူဒဏ်ကို ရင်ဆိုင်ရန် ခေါင်းပေါင်းများ ပေါင်းထားပြီး ချည်အင်္ကျီလက်ရှည်များကို ၀တ်ဆင်ထားကြသည်။ သူတို့က နှမ်းနုတ်နေကြ သော်လည်း မျက်နှာများပေါ်တွင် စိတ်အားထက်သန်မှု မရှိသည်ကို မြင်တွေ့ရသည်။

“အရင်က နှမ်းပင်က လူအရပ်ကျော်တယ်။ အခုကကြည့်လေ၊ သုံးပေတောင် မပြည့်ဘူး။ ကိုင်းခက်လည်း မရှိဘူး” ဟု ခန္ဓာကိုယ်အထက်ပိုင်း အင်္ကျီမပါ၊ ဒူးဆစ်အောက်ပိုင်းအထိ ရှည်သည့် ဘောင်းဘီကို ၀တ်ထားသူ အသက် (၄၅) နှစ် အရွယ် ဦးဝင်းကြီးက ယခုနှစ် နှမ်းခင်းအနေအထားကို နှမ်းပင် နုတ်နေရင်းက ပြောပြသည်။

မကွေးတိုင်းတွင်ရှိသည့် တောင်သူများသည် ဆီထွက်သီးနှံများကို အဓိကထား စိုက်ပျိုး အသက်မွေး ဝမ်းကြောင်းပြုနေကြ သူများ ဖြစ်သည်။ ယခုချိန်သည် ဆီထွက်သီးနှံ နှမ်းကို ရိတ်သိမ်းနေရသည့် အချိန် ဖြစ်သည်။ ယခုနှစ် ရာသီဥတု ဆိုးရွားစွာဖောက်ပြန်မှုကြောင့် နှမ်းထွက်နှုန်းသည် ယခင်နှစ် များကထက် ထက်ဝက်ကျော် ကျဆင်းပြီး တောင်သူများအတွက် တွက်ခြေမကိုက် ဖြစ်နေသည်။

နှမ်းထွက်နှုန်း လျော့နည်းစေသည့် အကြောင်းအရင်းတစ်ခုမှာ ပြီးခဲ့သည့် ဇွန်လက ၈ ရက်ဆက်တိုက် ရွာသွန်းခဲ့သည့် မိုးကြောင့် ဖြစ်သည်ဟု တောင်သူများက ပြောကြပါသည်။

ဇွန်လက ရွာချသည့်မိုးနှင့် ပတ်သက်ပြီး တောင်သူတစ်ဦးဖြစ်သည့် ဒေါ်ကြည်ဝင်းက “အသက် ၆၀ ကျော်ပြီ။ ဒီလိုမိုး တစ်ခါမှ မကြုံဖူးဘူး” ဟု ပြောသည်။

နှမ်းတစ်ဧက အတွက် မြေသြဇာဖိုး၊ ပိုးသတ်ဆေး၊ ပေါင်းသင်ခ စသည်တို့အတွက် ကျပ် ၇၀၀၀၀ ကျော် ကုန်ကျနေသည်။ ချေးငွေယူသုံးထားခြင်း မရှိသည့် တောင်သူအတွက် အဆင်ပြေနိုင် သော်လည်း ချေးငွေယူသုံးထားသည့် တောင်သူများမှာမူ စားဝတ်နေရေးနှင့် နောက်ထပ် အခြား သီးနှံကို ဆက်လက်စိုက်ပျိုးရန် ငွေးကြေးအခက်အခဲနှင့် ရင်ဆိုင်သွားရတော့မည် ဖြစ်သည်။

တောင်သူများအားလုံး တစ်ပုံစံတည်း ပြောနေကြခြင်း ဖြစ်သည်။ ယခင်က ၆ ပေ ဝန်းကျင် အမြင့်ရှိ နှမ်းပင်များသည် ယခုနှစ်တွင် ၃ ပေပင် မရှိ ဖြစ်နေသည်။

ရာသီဥတု ဖောက်ပြန်ပြောင်းလဲသည့်ဒဏ်ကို တကမ္ဘာလုံးက လူသားများအပါအဝင် သက်ရှိအားလုံး ရင်ဆိုင် နေကြရပြီ ဖြစ်သည်။

၂၀၁၆ ခုနှစ် ရာသီဥတုဆိုင်ရာ အန္တရာယ် အညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ရာသီဥတု ပြောင်းလဲမှု အကျိုးဆက်များကို ဒုတိယအမြင့်ဆုံး ခံစားနေရသည့် နိုင်ငံဖြစ်ပြီး
ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်င်ငံ (LDC) စာရင်းဝင် မြန်မာနိုင်ငံသည် ကမ္ဘာကြီးပူနွေးလာသည့် အကျိုးဆက်များကို ခံစားရနိုင်ခြေအများဆုံးရှိသည့် ကမ္ဘာအဆင်းရဲဆုံးနိုင်ငံ ၄၈ နိုင်ငံတွင် ပါဝင် နေကြောင်း MIID (Myanmar Institute for Integrated Development) က သတိပေးထုတ်ပြန် ထားသည်။


Climate Change ခေါ် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း၏ အကျိုးဆက်မှာ အချိန်တိုအတွင်း မိုးပိုလာနိုင်ပြီး ရေကြီးမှုများ ပိုမို ဖြစ်လာနိုင်သည်။ မြန်မာနိုင်ငံတွင် ပူပြင်းခြောက်သွေ့သည့် ရာသီဥတု ရှည်လျားလာပြီး အကျိုးဆက်အနေဖြင့် မြေအောက်ရေကို မရရှိနိုင်သည့် လူများအတွက် ကြီးမား ကျယ်ပြန့်သော အကျိုးဆက်များ ရှိလာနိုင်သည်ဟု ယင်းအဖွဲ့က ထပ်လောင်း သတိပေးထားသည်။

နောက်ဆုံးရရှိသည့် သုတေသန အချက်အလက်များအရ မြန်မာနိုင်ငံ၏ အပူရှိန် မြင့်တက်လာသည့် ရာသီဥတု လွန်ကဲ ဖြစ်စဉ်များကြောင့် ဆိုင်ကလုန်းများ၊ ရေကြီးမှုများနှင့် မိုးခေါင်ရေရှား မှုများ ပိုမို ကြုံတွေ့နိုင်ကြောင်း သတိပေးထားသည်။

ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော စိုက်ပျိုးသီးနှံမျိုးများကို နှစ်စဉ်လိုလို စိုက်ပျိုးရေး သုတေသန ဦးစီးဌာက စမ်းသပ်စိုက်ပျိုး နေသည်ဟု မကွေးမြို့ ဆီထွက်သီးနှံ ဗဟိုသုတေသန စိုက်ပျိုးရေးခြံမှ ခြံတာဝန်ခံ ဒေါ်လှလှဝင်းက ဆိုသည်။

“ဒေသနဲ့ ကိုက်ညီမယ့် နှမ်းမျိုးစေ့ထုတ်ပေးနေပေမယ့် ရာသီဥတုကလည်း ပြောင်းလဲနေတာ။ ချက်ချင်းတော့ မရနိုင်သေးဘူး။ စမ်းသပ်မှုတွေကတော့ တောက်လျှောက်လုပ်နေတာပဲ” ဟု ၎င်းက ရှင်းပြသည်။

နှမ်းစိုက်ဖို့အတွက် လိုအပ်သည့်ရာသီဥတုမှာ မိုးရွာတစ်လှည့်၊ နေပူတစ်လှည့် ဖြစ်ကြောင်း၊ မိုးအုံ့ချိန်များပါကလည်း အထွက်နှုန်း ကျဆင်းတတ်ကြောင်း သိရသည်။

ယခုနှစ် နှမ်းထွက်နှုန်း ကျဆင်းစေသည့် အကြောင်းရင်းတစ်ခုက နေပူခြင်း မဟုတ်ဘဲ မိုးအုံ့ချိန် များခြင်းကြောင့်ဟု ဒေါ်လှလှဝင်းက ပြောသည်။


မည်သို့ပင်ဖြစ်စေ ရာသီဥတု ဆိုးဝါးဖောက်ပြန်မှုဒဏ်ကို ရင်ဆိုင်နေရသည့် နှမ်းစိုက် တောင်သူများအတွက် ချေးငွေများပြန်ဆပ်ချိန် ဆိုင်းငံ့ပေးရေး၊ ရာသီဥတုဒဏ်ကို ခံနိုင်မည့် မျိုးစေ့နှင့် နည်းပညာများ ရရှိရေးက အရေးကြီးနေပြီဟု တောင်သူများက ပြောကြသည်။

အညာမြေတွင် ယခုနှစ်ကဲ့သို့ နှမ်းထွက်နှုန်း မကြာခဏ ကျဆင်းနေပါက ကိုမိုးတို့ကဲ့သို့ နှမ်းစိုက် တောင်သူများ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ကလေးများ၏ပညာရေး၊ လူမှုရေးအပါအ၀င် အနာဂတ်အရေးသည် စိုးရိမ်စရာ ကောင်းနေမည် ဖြစ်သည်။

Leave a Reply

Close Menu