အမှိုက်ကျင်းရှာနေရသော မုံရွာမြို့တော်

အမှိုက်ကျင်းရှာနေရသော မုံရွာမြို့တော်

“ အမှိုက်ကိစ္စဘယ်လိုဖြေရှင်းရမလဲဆိုတာက အမြဲစဉ်းစားစရာဖြစ်နေတယ်။ အကောင်းဆုံးအဖြေရဖို့ကလဲ ခက်ခဲလွန်းနေတယ် “ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်ကပြောတာပါ။

အစိုးရသစ်တက်လာချိန် ဆောင်ရွက်မှုတွေထဲမှာ အမှိုက်ကောက်ခြင်းဟာ ပထမဆုံးလုပ်ငန်းဖြစ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က မုံရွာမြို့သာယာလှပရေးအတွက် ခေါင်းစဉ်(၉)ရပ်ထဲမှာလဲ မုံရွာအမှိုက်သိမ်း စနစ်ဟာ ခေါင်းစဉ်တစ်ခုအနေနဲ့ပါဝင်ခဲ့ပါတယ်။ မုံရွာမှာ နေ့စဉ် အမှိုက်တန်ချိန် ၁၂၀ ထွက်ရှိနေပါတယ်။ ဒီအမှိုက်တွေစွန့်ပစ်တဲ့ နေရာတွေကို လက်ရှိမှာ ဒေသခံတွေက ကန့်ကွက်မှုတွေ ရှိနေပြီး စည်ပင်အနေနဲ့လဲ အမှိုက်စွန့်ပစ်ဖို့ နေရာသစ်တစ်ခုက အဆင်သင့် မဖြစ်သေးလို့ အမှိုက်စွန့်ပစ်ဖို့ နေရာအခက်အခဲတွေ့နေရပါတယ်။ ယခင်က အမှိုက်တွေကို ဆားကျင်းသုသာန်၊ အိုးဘိုတောင်ဆယ်ပေါက်တွဲ၊ ခိုသန်းကျေးရွာအမှိုက်ကျင်း၊ ကိုင်းတော၊ အက်တောမြေနေရာတွေမှာ ပစ်ခဲ့ကြပါတယ်။ ဒါပေမယ့် အက်တော၊ အိုးဘိုတောင်ရပ်ကွက်နေပြည်သူတွေက ကန့်ကွတ်ခဲ့တာတွေ၊ လမ်းအခက်အခဲကြောင့် သွားမရတဲ့ အမှိုက်ကျင်းနေရာတွေရှိတာကြောင့် အမှိုက်ပစ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ မုံရွာမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးကျော်မျိုးဝင်းကပြောပါတယ်။ ယခင်အစိုးရလက်ထက်က ဆားကျင်းသုသာန်မှာ အမှိုက်ပစ်ခဲ့ပါတယ်။ အမှိုက်ပုံရဲ့ အနံ့အသက်ကြောင့် နာရေးကိစ္စလာသူတွေ စိတ်အနှောင့်အယှက်ဖြစ်လို့ တားမြစ်ခဲ့တာကြောင့် အမှိုက်ပစ်ခြင်းကို စည်ပင်က ပိတ်ပင်ခဲ့ပါတယ်။

ယခုနှစ်မေလ လလယ်ပိုင်းမှာ ခေတ္တအမှိုက်ပစ်နေရတဲ့ အက်တောအမှိုက်ပုံမီးလောင်ကျွမ်းမှုဟာ (၁၀)ရက်ခန့် ကြာမြင့်ခဲ့ပြီး ရပ်ကွက်နေပြည်သူတွေ အမှိုက်ပစ်တာကို တားမြစ်ခဲ့တာကြောင့် အိုးဖိုတောင်ဆယ်ပေါက်တွဲအနီးမှာရှိတဲ့ အုတ်ကျင်းဟောင်းများမှာ အမှိုက်ပစ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒိနေရာကလည်း မိုးတွင်းကာလမှာဆို အမှိုက်ကားသွားမယ့် လမ်းတွေမှာ ရေနစ်မြုပ်တာတွေ ရှိလို့ အဲ့ဒိနေရာမှာလဲ အမှိုက်ပစ်လို့ မရပြန်ပါဘူး။ အုတ်ကျင်းဟောင်းနေရာမှာ အမှိုက်ပစ်မရလို့ မြို့ပတ်လမ်းအနီးမှာ အမှိုက်ကားအချို့ အမှိုက်ပုံခဲ့ရာကနေ ယင်ကောင်အလွန်များပြားလာတာတွေ၊ အမှိုက်ပုံနေရာဟာ ကုတင်(၂၀၀)ကလေးဆေးရုံနဲ့ နီးကပ်နေတာတွေကြောင့် အိုးဘိုတောင်ရပ်ကွက်နေပြည်သူတွေက ၀ိုင်းဝန်းတားမြစ်ခဲ့တဲ့အတွက် အမှိုက်ပစ်ဖို့ ပိတ်သိမ်းထားခဲ့တဲ့ ဆားကျင်းသုသာန်နေရာကိုပဲ ဆက်ပြီး အမှိုက်ပစ်နေခဲ့ရပါတယ်။ အိုးဘိုတောင်ရပ်ကွက်အတွင်းက ရပ်ကွက်နေပြည်သူတွေက သူတို့နားမှာ အမှိုက်လာပုံတာကို လက်မခံရတဲ့ အကြောင်းအရင်းကို အခုလိုပြောပါတယ်။ “ ထမင်းစားချိန် ယင်ကောင်တွေ ပိုများလာတတ်လို့ ယပ်တောင်ခပ်တာမရလို့ မရှိမဲ့ရှိမဲ့ ပိုက်ဆံလေးနဲ့ ပန်ကာဝယ်ရတယ် ဒါတောင် ယင်ကောင်က လာတုန်းပဲ “ အသက်(၆၀)အရွယ် ဒေါ်စန်းပွင့်ကပြောပါတယ်။ အမှိုက်လာပစ်တာကို ရပ်ခဲ့ပေမယ့် မိုးရွာတဲ့အခါ အရင်ပစ်ခဲ့တဲ့ အမှိုက်တွေဟာ ရေပေါ်မှာ ပေါ်နေတာတွေ တွေ့မြင်ခဲ့ရပါတယ်။

“မြစ်ချောင်းဘေးမှာ အမှိုက်ပစ်မယ်၊ သင်္ချိုင်းဟောင်းမှာ အမှိုက်ပစ်မယ်၊ ချိုင့်ဟောင်း၊ကျင်းဟောင်းတွေမှာ အမှိုက်ပစ်မယ်ဆိုရင် (၁၇)ရာစုကို ပြန်သွားသလိုဖြစ်နေမယ်၊ (၂၁)ရာစုမှာ (၁၇)ရာစုက အတွေးအသိတွေနဲ့ ထူးမခြားနားဖြစ်နေရင် အမှိုက်ကအခြေခံလာတဲ့ နောက်ဆက်တွဲပြသနာတွေကို ကြုံတွေ့ရမှာ ဖြစ်တယ်” လို့ အမှိုက်နဲ့ပတ်သက်ပြီး သုတေသနပြုလုပ်နေသူ ဒေါက်တာဇော်မြင့်နီက ပြောပါတယ်။ ကမ္ဘာမှာ စက်မှုဖွံ့ဖြိုးကာစ (၁၇)ရာစုလောက်က အမှိုက်တွေကို မြစ်ထဲချောင်းထဲ ပစ်ခဲ့ကြတယ်၊ စက်ရုံတွေကို မြစ်ချောင်းနားမှာ တည်ပြီး စက်ရုံထွက်အမှိုက်တွေကို မြစ်ထဲအလွယ်တကူပစ်ဖို့ စွန့်ပစ်ခဲ့ကြတယ်၊ အဲဒီခေတ်က လူဦးရေကျဲပါးသလိုစက်ရုံတွေလဲ နည်းပါးတော့ အမှိုက်လဲနည်းပြီး အမှိုက်တွေက မြစ်ထဲချောင်းထဲမှာ အလွယ်တကူပျော်ဝင်သွားခဲ့တယ်။ စက်မှုဖွံ့ဖြိုးပြီး လူဦးရေများလာတဲ့ ခုအချိန်မှာ အမှိုက်တွေပမာဏများလာချိန် မြစ်တွေချောင်းတွေထဲမှာ စွန့်ပစ်ရုံနဲ့ မကာမိတော့ဘူးလို့ ဦးဇော်မြင့်နီက ပြောပါတယ်။ မုံရွာစည်ပင်သာယာကော်မတီအဖွဲ့ဆီလာပြီး အမှိုက်ကနေ မြေသြဇာထုတ်ဖို့၊ လျှပ်စစ်ထုတ်ဖို့၊ လောင်စာတောင့်ထုတ်ဖို့ ကမ်းလှမ်းမှုတွေရှိပေမယ့် အမှိုက်အမျိုးအစားမခွဲပဲ အမျိုးစုံပစ်နေတဲ့အတွက် အလုပ်ဖြစ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ စည်ပင်ဌာနက ပြောပါတယ်။ မုံရွာမှာ နေ့စဉ်ထွက်ရှိနေတဲ့ အမှိုက်တန်ချိန်(၁၂၀)အတွင်းမှာ မီးဖိုးချောင်သုံးအမှိုက်နှင့် သစ်သီးသစ်ရွက်(၈၃)ရာခိုင် နှုန်း၊ ပလတ်စတစ်(၁၀)ရာခိုင်နှုန်း၊ ဘူးခွံပုလင်းခွံ(၂)ရာခိုင်းနှုန်း၊ ခြံထွက်သီးနှံ(၅)ရာခိုင်နှုန်း နေ့စဉ်ထွက်ရှိနေတယ်လို့ စည်ပင်ဌာနမှ စာရင်းတွေအရသိရပါတယ်။ လတ်တလောအမှိုက်ပစ်နေတဲ့ ဆားကျင်းသုသာန် အမှိုက်ကျင်းနေရာမှာတော့ တာယာအဟောင်းတွေ၊ ဆေးရုံသုံးပစ္စည်းအဟာင်းတွေနဲ့ ပလတ်စတစ်အမြောက်အများကို တွေ့ရပါတယ်။ မုံရွာစည်ပင်သာယာကော်မတီအနေနဲ့ အမှိုက်စွန့်ပစ်ဖို့ ပြသနာကို ဖြေရှင်းနိုင်ရန် ကိုင်းတောဒေသမှာ မြေ(၁၀)ဧက၀ယ်ထားပြီး ကားလမ်းခင်းပြီးပါက မြေကျင်းတူးဖုံးအုပ်တဲ့ စနစ်ကိုကျင့်သုံးသွားဖို့ ဆုံးဖြတ်ထားကြောင်းသိရပါတယ်။ ဒါပေမယ့် ဒီဖြေရှင်းချက်က အဆင်မပြေလောက်ဘူးလို့ မုံရွာမြို့ခံတစ်ဦးဖြစ်သူ ဦးကျော်ကျော်ဝင်းက အခုလိုပြောပါတယ်။ “ အမှိုက်ကျင်းလုပ်မယ်ဆို စနစ်ကျတဲ့ မြေဖုံးအုပ်မှုလုပ်မယ်ဆိုရင် ကုန်ကျစရိတ်များမယ်၊ နောက်တစ်ခုက (၁၀)ဧကလောက်က (၂)နှစ်လောက်နဲ့ ပြည့်သွားမယ်’’လို့ ပြောပါတယ်။

အမှိုက်တွေကို စနစ်တကျနေရာပေးဖို့က အမှိုက်စွန့်ပစ်စီမံခန့်ခွဲမှုလိုအပ်တယ်လို့ ဦးဇော်မြင့်နီက ပြောပါတယ်။ အမှိုက်စွန့်ပစ်စီမံခန့်ခွဲမှုကို လူဦးရေထူထပ်သောဒေသ(တစ်စတုရန်းမိုင်တွင် လူဦးရေ ၅၀၀ကျော်ရှိသောဒေသ)နဲ့ စက်မှုဖွံဖြိုးတဲ့ဒေသများမှာ အသုံးပြုဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။ မုံရွာမြို့မှာ လူဦးရေလေးသိန်းနီးပါး နေထိုင်တယ်လို့ ၂၀၁၄ သန်းခေါင်စာရင်းအရသိရှိရပါတယ်။ အဲဒီစီမံခန့်ခွဲမှုမှာ အမှိုက်ကိုစီမံခန့်ခွဲခြင်း(Waste Management)နဲ့ အမှိုက်စွန့်ပစ်ရန်နေရာ(Landfill S0ite) ကို စီမံခန့်ခွဲခြင်းလို့နှစ်ပိုင်းရှိပါတယ်။ အမှိုက်ကို စီမံခန့်ခွဲရာမှာ အမှိုက်ဖြစ်ပေါ်မှုလျှော့နည်းစေအောင် စီမံခန့်ခွဲသူ၊ ထုတ်လုပ်သူနဲ့ စားသုံးသူများဝိုင်းဝန်းကြိုးပမ်းဖို့ လိုအပ်တယ်လို့ ၄င်းက ဆိုပါတယ်။ အဲဒီလို ကြိုးပမ်းရာမှာ “တစ်ခါသုံး” ပစ္စည်းများကို ကျန်းမာရေးကဏ္ဍကလွဲပြီးမသုံးပဲ တခြားကဏ္ဍတွေမှာ အကြိမ်ကြိမ်သုံးခြင်း၊ အမှိုက်တွေကို နည်းပညာအသုံးပြုပြီး ပြန်လည်ထုတ်လုပ်ခြင်း၊ ဇီဝအမှိုက်တွေကို နည်းပညာအသုံးပြုပြီး မြေသြဇာပြုလုပ်ခြင်း၊ အချို့သော အမှိုက်များကို မီးရှို့ရှင်းလင်းခြင်း၊ ထုတ်ကုန်လျှော့ချကာ လိုအပ်သလောက်ထုတ်လုပ်ခြင်း၊ အရည်အသွေးကောင်းတာရှည်ခံ ကုန်ပစ္စည်းများထုတ်လုတ်ခြင်း၊ ထုတ်ပိုးပစ္စည်းပမာဏလျှော့ချခြင်းတွေပါဝင်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က စွန့်ပစ်ထားတဲ့ အမှိုက်တွေကနေ စွမ်းအင်ထုတ်ဖို့ဟာ စီးပွားဖြစ်ထုတ်လုပ်နိုင်ဖို့ ခက်ခဲတာကြောင့် မြေသြဇာထုတ်ဖို့ ကုမ္ပဏီတစ်ခုနဲ့ ဆွေးနွေးအကောင်အထည်ဖော်သွားမယ်လို့ ပြောပါတယ်။

အမှိုက်စွန့်ပစ်ရန်နေရာကိုရွေးချယ်ရာမှာ ခြောက်သွေ့တဲ့နေရာ၊ မြေဆီလွှာ နှုန်း(သို့)ရွံ့ဖြစ်သောနေရာ၊ မြေအောက်ရေ စီးဝင်မှုနည်းပါးတဲ့နေရာ၊ မြေအောက်ရေပြင်နက်တဲ့နေရာ၊ ရေလွှမ်းဧရိယာထက်မြင့်သောနေရာ၊ အထူးသဖြင့် စွန့်ပစ်ထားတဲ့(ဓါတ်သတ္ထုတူးဖော်ပြီး ဖြစ်ပေါ်လာတဲ့ ချိုင့်ကြီးတွေ)တွေကို ဦးစားပေးရွေးချယ်ဖို့ လိုအပ်တယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။ မြစ်ချောင်းအင်းအိုင်များ၊ လူနေအိမ်များနဲ့ ဝေးခြင်း၊ ၀င်လမ်းထွက်လမ်းကောင်းတဲ့နေရာဖြစ်ခြင်းဆိုတဲ့ အချက်တွေကိုပါ ထည့်သွင်းစီမံဖို့လိုအပ်တယ်လို့ ဦးဇော်မြင့်ညီက ဆိုပါတယ်။ အမှိုက်နဲ့ ပတ်သက်လို့ စနစ်ကျသောအမှိုက်ပစ်စနစ်နဲ့ ပတ်သတ်တဲ့ စာတမ်းတွေ၊ အကြံပြုစာတွေကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ မုံရွာစည်ပင်သာယာကော်မတီက တောင်းခံထားကြောင်းနဲ့ အစိုးနဲ့ပြည်သူအားလုံးဝိုင်းဝန်းကြိုးပမ်းမှသာ အနာဂတ်မှာ သန့်ရှင်းသာယာလှပတဲ့ မြို့တစ်မြို့ဖြစ်လာနိုင်ကြောင်း မုံရွာမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးကျော်မျိုးဝင်းကပြောပါတယ်။

http://sciencing.com/effects-landfills-environment-8662463.html

https://www.julius-r.co.uk/2015/04/how-do-landfill-sites-affect-the-environment/

http://myanmar.unfpa.org/census

https://www.facebook.com/monywagazette/?ref=br_rs

Leave a Reply

Close Menu