ရွှေညာဒေသ ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို ခံစားနေရတဲ့ နယ်လှည့်ပျားမွေးသူများ

နက်မှောင်နေတဲ့ ကတ္တရာ လမ်းမကြီးရဲ့ဘေးမှာ အစိမ်းရောင်နှမ်းခင်း များစွာဟာ လေတိုက်တိုင်း ဘယ်ညာ ယိမ်းနွဲ့နေကြပါတယ်။ နှမ်းခင်းတွေရဲ့ အနီးတဝိုက်မှာတော့ လေးပေ၊ တစ်ပေခွဲ သစ်သားနဲ့ လုပ်ထားတဲ့ ပုံးတွေကို တန်းစီပြီး ချထားကြတယ်။ အဲဒီ ပုံးလေးတွေက တော့ နယ်လှည့်ပျားမွေးသူတွေရဲ့ ပျားပုံးတွေပါ။

နယ်လှည့် ပျားမွေးတဲ့သူတွေက နေရာတစ်နေရာတည်းမှာ မွေးမြူကြတာမဟုတ်ဘဲ၊ ရာသီအလိုက် ပန်းပွင့်တွေ ပွင့်တဲ့အချိန်လိုက် ပြောင်းရွှေ့ပြီးတော့ ပျားတွေကို မွေးမြူ ကြတာ ဖြစ်ပါတယ်။

နယ်လှည့် ပျားမွေးသူတွေက  ပွင့်ဖြူမြို့နယ်၊ မကွေးမြို့နယ်၊ ဂွေးပင်၊ ရှမ်းပြည်တောင်ပိုင်း ရပ်စောက်၊ စေတုတ္ထရာ၊ သာယာဝတီမြို့တွေမှာ အဓိက မွေးမြူကြတယ်လို့ သိရပါတယ်။ မကွေးတိုင်း တစ်တိုင်းလုံးမှာ ပျားမွေးသူဦးရေ ၈၀ ကျော်လောက်ရှိပြီး ပျားမွေးသူတစ်ဦးကို ပျားပုံးအနည်းဆုံး ၅၀ ကျော်၊ အများဆုံး ၅၀၀ ကျော်လောက် မွေးမြူကြပါတယ်။

ဦးကျော်ဌေးဆိုတာက နယ်လှည့်ပျားမွေးမြူသူ တစ်ဦးဖြစ်သလို၊ ပျားဦးစီးဌာနရဲ့ အရာရှိတစ်ဦးလည်း ဖြစ်ပါတယ်။ သူပျားမွေးလာတဲ့ ၁၉ နှစ်တာကာလအတွင်းမှာ ယခုနှစ်သည် ရာသီဥတု ဖောက်ပြန်လာတဲ့ အတွက် အရင်နှစ်တွေထက် ပျားရည်အထွက်နှုန်း လျော့တယ်လို့ ပြောပါတယ်။

အရင်နှစ်တွေက ပျားရည် ထုတ်လုပ်မှုဟာ ရာသီဥတုကောင်းနေတဲ့အတွက် ဘယ်လိုပန်း၊ အပွင့်နဲ့မဆို ပျားရည် အထွက်များတယ်လို့ သိရပါတယ်။

ရာသီဥတု မဖောက်ပြန်တဲ့နှစ်တွေမှာဆိုရင် နှမ်းရာသီ တစ်လမှာ ပျားပုံး ၁၀၀ ကို ပီပါလေးလုံးလောက် ရပါတယ်။ ဒီနှစ်မှာတော့ ရာသီဥတုမကောင်းတဲ့အတွက် တစ်လမှာ ပျားပုံး ၁၀၀ ကို ပီပါ နှစ်လုံးလောက်ပဲ ရတယ်လို့ ပျားမွေးမြူသူတွေက ပြောကြပါတယ်။

 မြန်မာနိုင်ငံဟာ Climate Change ဟုခေါ်သည့် ပြင်းထန်သော ရာသီဥတုဖောက်ပြန်တဲ့ ဒဏ်ကို တိုက်ရိုက် အဆိုးဝါးဆုံး ခံစားရတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ ဒုတိယနေရာမှာ ရပ်တည်နေတယ်လို့ Germanwatch က ထုတ်ပြန်ထားပါတယ်။ Germanwatch ရဲ့ ၂၀၁၆ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု အန္တရာယ်စာရင်းကို ထုတ်ပြန် ခဲ့ရာမှာ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီ စာရင်းက ၁၉၉၅ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ နှစ်ဆယ်ငါးနှစ်အတွင်း ကမ္ဘာတ၀ှမ်း လူငါးသိန်းခန့် သေဆုံးခဲ့ရတဲ့ မုန်းတိုင်း တိုက်ခတ်မှုတွေ၊ မြေပြိုမှုတွေ၊ မိုးခေါင်ရေရှားမှုတွေကို အပြင်းအထန်ဆုံး ခံရတဲ့ နိုင်ငံတွေကို စာရင်းပြုစုထားတာဖြစ်ပါတယ်။ ဒီစာရင်းမှာ ဟွန်ဒူးရပ်စ်၊ မြန်မာနဲ့ ဟေတီနိုင်ငံတွေက ထိပ်ဆုံးက ရပ်နေခဲ့ပြီး ဖိလစ်ပိုင်၊ နီကာရာဂွါ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ ထိုင်းနဲ့ ဂွါတီမာလာ နိုင်ငံတွေက အစဉ်လိုက် ရပ်တည်နေတာ ဖြစ်ပါတယ်။

ကမ္ဘာဂြိုဟ်မှာ ကြုံတွေ့ခဲ့ရတဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်ကို သိပ္ပံပညာရှင်တွေက နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီးတဲ့နောက် ၁၉၈၀ ပြည့်နှစ်မှာတော့ ကမ္ဘာ့အပူချိန် မြင့်တက်နေပြီး ရာသီဥတု ဖောက်ပြန်ပြောင်းလဲ နေတယ်လို့ ကြေညာခဲ့ပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုရဲ့ အဓိကအကြောင်းရင်းမှာ ဖန်လုံအိမ်ဓာတ်ငွေ့တွေ လေထုထဲ သိသိသာသာ တိုးလာလို့ ဖြစ်ပါတယ်။ ဖန်လုံအိမ် ဓာတ်ငွေ့ တိုးလာရတဲ့ အကြောင်းရင်းမှာ ကျောက်ဖြစ်ရုပ်ကျွင်း လောင်စာ သုံးစွဲမှုနဲ့ သစ်တော ပြုန်းတီးမှုတွေကြောင့်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ကုန်းလမ်း သယ်ယူပို့ဆောင်ခြင်း၊ စက်သုံးဆီနဲ့ ဓာတ်ငွေ့ထုတ်လုပ်ခြင်း၊ လေကြောင်းသယ်ယူပို့ဆောင်ခြင်း၊ သံနဲ့ သံမဏိလုပ်ငန်းများ လည်ပတ်ခြင်း၊ စွန့်ပစ်အမှိုက်များ မသိမ်းဆည်းခြင်းတွေကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။

မကွေးတိုင်းအတွင်းက နှမ်းစိုက်တောင်သူတွေဟာလည်း ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုရဲ့ ဒဏ်ကို ဒီနှစ်မှာ ခံစားနေရပြီ ဖြစ်ပါတယ်။ အဲဒီလို နှမ်းစိုက်တောင်သူတွေ ကြုံကြရသလို သူတို့နဲ့ စပ်ဆက်ပြီး ပျားမွေးမြူတဲ့ သူတွေပါ ဒီဒဏ်ကို ခံစားနေကြရတာ ဖြစ်ပါတယ်။

မကွေးမြို့နယ်မှာ နှမ်းကို အဓိကထား စိုက်ပျိုးတဲ့အတွက် ပျားမွေးသူတွေက နှမ်းကိုမှီခိုပြီး မွေးမြူ ကြပါတယ်။ နှမ်းခင်းတွေရဲ့ ဘေးမှာ ပျားပုံးတွေကို ချထားတဲ့အတွက် နှမ်းစိုက်တောင်သူတွေက သူတို့ရဲ့ နှမ်းခင်းကို ပျားတွေ လာပြီး နှမ်းပွင့်ကနေ ဝတ်ရည်စုပ်တဲ့အတွက် နှမ်းပွင့်တွေ ကန်းကုန်ပြီး နှမ်းအထွက်နည်းတာလို့ ယူဆနေကြပါတယ်။ တောင်သူတွေက သူတို့ရဲ့ယာခင်းတွေဘေးမှာ ပျားပုံးတွေချထားတာကို လက်မခံ ကြပါဘူး။

“နှမ်းပွင့်ချိန်မှာ နှမ်းရဲ့ ဝတ်မှုန်တွေကို ပျားတွေက စုပ်ယူကြတယ်။ ဝတ်မှုန်တွေ၊ ဝတ်ရည်တွေကို စုပ်တော့ နှမ်းက ဝတ်မှုန်မကူးနိုင်တော့ နှမ်းကသိပ်မထွက်တော့ဘူး” လို့ နတ်ကန်ရွာက နှမ်းစိုက်တောင်သူ ကိုဝင်းကြီးက ပြောပါတယ်။

ပျားပုံးချထားတာကို လက်မခံတဲ့ တောင်သူတွေက သူတို့ရဲ့ ယာခင်းတွေဘေးမှာ ချထားတဲ့ ပျားပုံးထဲကနေ ပျားအုံတွေယူသွားတာ၊ ပျားအုံတွေကို မီးရှို့တာတွေ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

တကယ်တော့ ပျားတွေကြောင့်သာ ဝတ်မှုံပိုကူးနိုင်ပြီး နှမ်းအထွက်တိုးစေမှာ ဖြစ်တယ်လို့ ပျားဦးစီးဌာန အရာရှိ ဦးကျော်ဌေးက ပြောပါတယ်။

ပျားမွေးဖို့ လက်မခံတဲ့တောင်သူတွေကို ပျားမွေးမြူရေး ဦးစီးဌာနဲ့ ပျားမွေးမြူတဲ့သူတွေက တောင်သူတွေကို စည်းရုံး၊ ဟောပြောတာတွေ ပြုလုပ်ပေးကြရတယ်လို့ သိရပါတယ်။ ဟောပြောပွဲတွေ ပြုလုပ်ပေးတဲ့အတွက် တောင်သူတွေက ပျားမွေးမြူရေးကို လက်ခံလာကြပါတယ်။

“နေရာဒေသ မတူတဲ့အခါကျတော့ အမွေးခံတဲ့နေရာတွေ ရှိတယ်၊ အမွေးမခံတဲ့ နေရာကျတော့ စည်းရုံးရေး ဝင်ပြီးတော့ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ စည်းရုံးရတယ်။ တချို့နေရာတွေဆိုရင် လုံးဝကို စည်းရုံးလို့ မရတာတွေရှိတယ်။ စည်းရုံးလို့ မရရင် ပြန်ဖယ်ပေးရတယ်။ လက်ခံအောင် သင်တန်းတွေ ပေးရတယ်။ ဟောပြောပွဲတွေ လုပ်ပေးရတယ်။ အခုတော့ လက်မခံတဲ့သူတွေ နည်းလာတယ်” လို့  ပွင့်ဖြူမြို့နယ် ပျားဦးစီးအရာရှိ ဦးကျော်ဌေးက ပြောပါတယ်။

အရင်နှစ်တွေက တောင်ပေါ်မှာရှိတဲ့ အလယ်ချောင်ရွာမှာ ပျားမွေးဖို့အတွက် တောင်သူတွေကို သုံးနှစ်လောက် စည်းရုံးခဲ့ကြရတယ်လို့ သူက ပြောပြပါတယ်။

မကွေးတိုင်းက တောင်သူတွေဟာ ပျားမွေးထားတဲ့နေရာနဲ့ မမွေးတဲ့နေရာကို နှိုင်းယှဉ်ကြည့်ကြပြီး ပျားထားတဲ့ရွာက နှမ်းတော်တော်အောင်တဲ့ အတွက် ပျားမွေးတာကို လက်ခံလာကြပါတယ်။

“ဒီကလူတွေက ပျားလာတာကိုကြိုက်တယ်။ ပျားက ဝတ်မှုန်ကူးပေးတဲ့အတွက် နှမ်းအောင်တယ်။ နတ်မောက်နဲ့ ရေနံချောင်းဘက်က နေကြာစိုက်တယ်။ ပျားအုံးတွေ သယ်သွားရင် လှည်းတွေနဲ့ ပျားပုံးတွေ လာသယ်ပေး ကြတယ်။ ပျားက တစ်မိုင်ခွဲ၊ တစ်မိုင်အထိ သွားနိုင်တယ်။ ပျားလာရင် နေကြာက အောင်တယ်။ ပုံမှန်ထွက်နှုန်းနဲ့ ပျားစုပ်ထားတဲ့အပင်က ထွက်နှုန်း ကွာတယ်။ ပျားစုပ်ထားတဲ့ အပင်က ပိုထွက်တယ်။ ပျားမလာရင် သူတို့က ပျားတွေလွှတ်ပေးပါလို့ ဖုန်းဆက်ကြတယ်” လို့ ဦးကျော်ဌေးက ဆက်ပြောပါသည်။

ရာသီဥတု ဖောက်ပြန်လာတဲ့အတွက် ရာသီပေါ် ပန်းပွင့်တဲ့အပင်တွေက ပန်းအပွင့်နည်းလာတဲ့ အတွက် ပျားတွေကို ဖြည့်စွက်အစာ ကျွေးကြရတယ်လို့ သိရပါတယ်။

ဖြည့်စွက်အစာမှာ သကြားရည် (ဖြည့်စွက်အစာ ၁) နဲ့၊ ကုလားပဲမှုန့်နဲ့ ပျားရည်ရောထားတဲ့ (ဖြည့်စွက်အစာ ၂) ကို ကျွေးရတယ်လို့ နယ်လှည့် ပျားမွေးနေသူ ကိုဘိုစိုင်းက ပြောပါတယ်။

ပျားရည်အမျိုးအစား ၆ မျိုးလောက်ရှိပါတယ်။ ရေသွင်းနှမ်း ပွင့်ချိန်မှာ ထုတ်လုပ်တဲ့ ရေသွင်းနှမ်းပျားရည်၊ နှမ်းပေါ်ချိန်မှာ ထုတ်လုပ်တဲ့ နှမ်းပျားရည်၊ ဇီးပင် ပန်းပွင့်ချိန်မှာ ထုတ်လုပ်တဲ့ ဇီးပျားရည်၊ လဲမှို့ပွင့်ချိန်မှာ ထုတ်လုပ်တဲ့ လဲမှို့ပျားရည်၊ ပြောင်းပင်တွေ ပွင့်ချိန်မှာထုတ်လုပ်တဲ့ ပြောင်းပျားရည်၊ လိုက်ချီးပန်းပွင့်ချိန်မှာ ထုတ်လုပ်တဲ့ လိုက်ချီးပျားရည် ဆိုပြီး ရှိကြပါတယ်။ ပျားရည် များစွာရှိတဲ့ အထဲကမှ လိုက်ချီးပျားရည်ဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဈေးကွက်အခြေအနေအရ ပျားရည်များစွာရှိတဲ့အထဲမှာ လိုက်ချီးပျားရည်က ဈေးအကောင်းဆုံး ဖြစ်ပါတယ်။

မြန်မာ့ပျားရည်ကို တရုတ်၊ အမေရိကန်၊ ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ ကနေဒါ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်ဝမ်နိုင်ငံတွေကို တင်ပို့ကြရပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ပြည်ပနိုင်ငံများကို ပျားရည်တန်ချိန် ၂၄၀၉ တန် တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ မှာတော့ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ပျားကိုအများဆုံး မွေးမြူကြပြီး စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်က ပျားရည်အထွက် အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ပျားမွေးသူတွေဟာ ပျားသလပ်ချပ်တွေကို ဝယ်ယူမွေးမြူကြရပါတယ်။ သစ်သားနဲ့လုပ်ထားတဲ့ ပုံးတစ်ပုံးထဲမှာ ပျားသလပ်ချပ် ၈ ချပ်လောက် ထည့်ထားကြရပါတယ်။ ပျားပုံးတစ်ပုံးထဲမှာ ပျားဘုရင်မ တစ်ကောင်၊ ပျားဖယောင်းချပ် တစ်ချပ် ထည့်ပေးထားရပါတယ်။ ပျားပုံးထဲမှာ ပျားလုပ်သားတွေရဲ့ သက်တမ်းက ၄၅ ရက်လောက်သာ ခံပြီး ပျားထီးတွေရဲ့ သက်တမ်းကတော့ ရက် ၆၀ လောက် ခံပါတယ်။

မြန်မာလူမျိုးတွေရဲ့ အစွဲအရ သဘာဝပျားရည်က ပိုပြီးတော့ ကောင်းတယ်လို့ ယူဆကြပါတယ်။ မွေးမြူရေး ပျားရည်က မကောင်းဘူးလို့ ပြောကြပါတယ်။ မွေးမြူရေးပျားရည်နဲ့ သဘာဝပျားရည်က ကွာခြားမှု ရှိတယ်လို့ ဆိုပါတယ်။

“ပန်းပွင့်ဆယ်မျိုးရှိရင် သဘာဝပျားလည်း ဒီပန်းပဲစုပ်တယ်၊ မွေးပျားလည်း ဒီပန်းပဲစုပ်တယ်။ အတူတူပဲ။ ဓာတ်ပေါင်းလည်း အတူတူပဲ။ ကွာတာက မွေးပျားက ရက်နဲ့ မွေးရတယ်။ ၁၅ ရက်၊ ရက် ၂၀ လောက် ကျမှ ထုတ်တာ။ သဘာဝပျားကတော့ ရက်နုလည်း သွားထုတ်ကြတာပဲ။ မွေးပျားက ရင့်မှည့်တဲ့ ပျားပဲထုတ်တာ။ အာနိသင်ကတော့ အတူတူပဲ” လို့ ဦးကျော်ဌေးက ရှင်းပြပါတယ်။

သစ်တောတွေပြုန်းတီးလာမှု၊ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်လာမှု၊ မိုးရွာတဲ့ပုံစံတွေ ပြောင်းလဲလာမှုတွေကြောင့် ရာသီဥတု ဖောက်ပြန်လာပြီး မြေကြီးထဲမှာ ရေဓာတ်ကို မထိန်းနိုင်တော့တဲ့ အတွက် ရာသီဥတုကို မှီခိုပြီးတော့ စိုက်ပျိုးရတဲ့ ရာသီပင်တွေ ပျက်စီးလာကြရပါတယ်။ ရာသီပေါ်အပင်တွေ ပျက်စီးလာတဲ့အတွက် ပျားရည် ထုတ်လုပ်မှုတွေလည်း လျော့နည်းလာပါတယ်။

မိုးရွာမှုပုံစံတွေ ပြောင်းလဲလာတဲ့အတွက် ဒီနှစ်မှာ နှစ်ရှည်ခံ၊ ရာသီဥတုဒဏ် ခံနိုင်တဲ့ ကန္တာရ အပင်တွေမှာ ပျားကို စမ်းသပ် မွေးမြူကြမယ်လို့ ဦးကျော်ဌေးက ပြောပါတယ်။

ကန္တာရအပင်တွေမှာ စမ်းသပ်မွေးမြူလို့ အောင်မြင်ပြီ ဆိုရင်တော့ နောက်နှစ်တွေမှာ ရာသီပင်တွေကို မှီခိုပြီးတော့ မမွေးမြူတော့ဘဲ၊ ကန္တာရအပင်တွေကို မှီခိုပြီးတော့ပဲ ပျားမွေးမြူကြတော့မယ်လို့ သိရပါတယ်။

Leave a Reply

Close Menu