လျှော်ဖြူစိုက်ပျိုးဖို့အတွက် ဇနီးဖြစ်သူနဲ့ အတိုက်အခံလုပ်ပြီး တစိုက်မတ်မတ် စိုက်ပျိုးခဲ့တဲ့ တောင်သူတစ်ဦး ။

လျှော်ဖြူစိုက်ပျိုးဖို့အတွက် ဇနီးဖြစ်သူနဲ့ အတိုက်အခံလုပ်ပြီး တစိုက်မတ်မတ် စိုက်ပျိုးခဲ့တဲ့
တောင်သူတစ်ဦး ။ ၁၆ နှစ်ခန့် အကြာမှာ သူရွေးချယ်တဲ့ လျှော်ဖြူ စီးပွားရေးက ဘယ်လောက် အဆင်ပြေစေခဲ့သလဲ

“ လင်မယားချင်း ဒီလျှော်ဖြူစိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အဆင်မပြေတဲ့ အချိန်တွေ များတယ်”

အထက်ပါစကားက လျှော်ဖြူစိုက်ပျိုးရေးကို တစိုက်မတ်မတ် လုပ်ကိုင်လာတဲ့ မကွေးတိုင်းက တောင်သူတစ်ဦးဖြစ်တဲ့ ဦးရဲထွန်းရဲ့စကားသံဖြစ်ပါတယ်။ သူ့အနေနဲ့ လျှော်ဖြူ စိုက်ပျိုးရေးလုပ်ငန်းဟာ အနာဂတ်မှာ သေချာတဲ့ အာမခံချက်ရှိတဲ့ စီးပွားရေးတစ်ခုအဖြစ် ထင်မြင်ပြီးတဲ့နောက် စိန်ခေါ်မှုတွေကြားကနေ ဒီလုပ်ငန်းကို လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။

ဦးရဲထွန်းဟာ ပဲ၊ နှမ်း စတဲ့ သီးနှံတွေကို စိုက်ပျိုးလာတာ နှစ်အတော်ကြာခဲ့ပေမယ့် ၂၀၀၂ခုနစ်ကစပြီး လျှော်ဖြူပင်ကို စမ်းသပ်စိုက်ပျိုးဖို့ ဖြစ်လာခဲ့ပါတယ်။ လျှော်ဖြူစိုက်လာတဲ့နောက်ပိုင်း နှမ်းကို (၂) နှစ်လောက် စိုက်ပျိုးသေးပေမယ့် နှမ်းအထွက်နှုန်း မကောင်းတဲ့အပြင် ကုန်ဈေးနှုန်းလည်း ကျလာတဲ့အတွက် လျှော်ဖြူလုပ်ငန်းဘက်ကိုပဲ ဇောင်းပေးပြီး လုပ်လာခဲ့ပါတယ်။

“ဒီရွာမှာ လျှော်ဖြူစေးကို တောမှာ လိုက်ခွာတဲ့ လူတွေရှိတယ်လေ။ သူတို့က ပင်ပင်ပန်းပန်းထွက်ပြီး ခွာရတယ်။ သူတို့ တောမှာ သွားခွာပြီး စားဝတ်နေမှုပြေလည်သေးရင် ကိုယ့်အနီးအနားမှာရှိတဲ့ ခြံမှာစိုက်ပြီးတော့ မပင်မပန်းနဲ့ ခွာရင် ရနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကလေးတစ်ခုကြောင့် လျှော်ဖြူစိုက်ဖြစ်သွားတာပဲ” လို့  လျှော်ဖြူကို စီးပွားဖြစ် လုပ်ကိုင်နေတဲ့ ဦးရဲထွန်းက သူစိုက်ဖြစ်သွားပုံကို ပြောပြခဲ့ပါတယ်။

ဆယ့်ခြောက်နှစ်တာကာလနီးပါး ဒီလုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီးချိန်မှာတော့ လက်ရှိမှာ ဦးရဲထွန်းဟာ ၀င်ငွေကောင်းနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ဝင်ငွေအနေနဲ့ တစ်နှစ်ကို အမြတ်ငွေ သိန်းရှစ်ဆယ်နီးပါး ရှိနေပြီလို့ သိရပါတယ်။ လျှော်ဖြူလုပ်ငန်းနဲ့ ရတဲ့ဝင်ငွေနဲ့  သားသမီး (၃) ယောက်ကိုလည်း ဘွဲ့ရပညာတတ်ဖြစ်တဲ့အထိ ထောက်ပံ့နိုင်ခဲ့ပြီး မိသားစုနဲ့လည်း အဆင်ပြေလာတယ်လို့ ၎င်းကဆက်ပြောပါတယ်။

လျှော်ဖြူကို အာရုံစိုက်လာကြတဲ့တောင်သူတွေ

အရင်တုန်းက တောင်သူသမားအများစုဟာ ပဲ၊ နှမ်းစတဲ့ သီးနှံတွေကိုသာ အဓိကထားပြီး စိုက်ပျိုးခဲ့ကြပါတယ်။ ဒါပေမယ့် ရာသီဥတု ဖောက်ပြန်တဲ့ဒဏ်ကို ကြုံတွေ့လာတဲ့နောက်ပိုင်း သီးနှံအထွက်နှုန်း ပျက်စီးလာတဲ့အပြင် ဈေးကွက်လည်း ကျလာတဲ့အတွက် အရှုံးတွေနဲ့ ရင်ဆိုင်လာကြရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ တောထဲမှာ သဘာဝပေါက်ပင်အဖြစ် တည်ရှိနေတဲ့ လျှော်ဖြူအစေးကို ခွာပြီး တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရှာလာကြပါတယ်။

လျှော်ဖြူဆိုတာ….

လျှော်ဖြူပင်ဟာ အပင်ရဲ့ ပင်စည်အခေါက်အတွင်းပိုင်းမှာရှိတဲ့ အစေးတွေကို ထုတ်လုပ်ရောင်းချလို့ ရတဲ့  နှစ်ရှည်ပင် အမျိုးအစားဖြစ်ပါတယ်။ အပင်ရဲ့သက်တမ်း (၅) နှစ်ကနေ (၇)နှစ်ကြားမှာ စပြီးတော့ အစေး စတင်ထုတ်ယူနိုင်ပြီ ဖြစ်ပါတယ်။ အဲဒီ အစေးကိုတော့ ဆေးကုလားမလို့ခေါ်ပြီး ရေခဲမုန့်၊ ဂျယ်လီမုန့်၊ ရွှေရင်အေး၊ ဖာလူဒါ စတဲ့ ရိုးရာစားသောက်ကုန်လုပ်ငန်းတွေမှာ သုံးစွဲကြပါတယ်။

လျှော်ဖြူပင်ကထွက်ရှိတဲ့ လျှော်ဖြူစေးများ

လျှော်ဖြူပင်မှ ထွက်တဲ့အစေးကနေ ကားမှန်၊ အလှကုန်၊ ဆေးဝါး၊ စာရေးကိရိယာ၊ အိမ်ဆောက်ပစ္စည်းတွေ၊  စားသောက်ကုန်တွေမှာ တွင်ကျယ်စွာ အသုံးပြုလာကြတယ်လို့ သိရပါတယ်။ လျှော်ဖြူစေးကို တရုတ်နိုင်ငံမှာတော့   ကော်ရည်၊ အအေးနဲ့ စွတ်ပြုတ်ထဲရောသောက်တာတွေ အသုံးများကြပါတယ်။

လျှော်ဖြူပင်ဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အလေ့ကျပေါက်ပင်အဖြစ် လူသိများလာတဲ့နောက်ပိုင်း အစေးထုတ် ရောင်းချရာမှာလည်း စီးပွားရေး တွက်ခြေကိုက်လာတဲ့ အခြေအနေ ဖြစ်လာပါတယ်။ ဒါကြောင့် အလေ့ကျပေါက်ပင်မှ မျိုးစေ့တွေယူပြီး စိုက်ပျိုးရေးခြံအဖြစ် တည်ထောင်ကာ စီးပွားဖြစ်အနေနဲ့ စိုက်ပျိုးလာကြတယ်လို့ လျှော်ဖြူရောင်းဝယ်ရေးလုပ်ငန်းကို လုပ်ကိုင်နေတဲ့ ကိုသီဟမော် ပြောပြချက်အရ သိရပါတယ်။

လျှော်ဖြူပင်လုပ်ငန်းတွေဟာ လွန်ခဲ့တဲ့ (၅)နှစ်လောက်ကတည်းက ဈေးကွက်ထဲ တွင်ကျယ်လာပါတယ်။  ပြီးခဲ့တဲ့လက ဂျပန်ကုန်စည်ပြပွဲမှာ သွားရောက်ပြသရာမှာတော့ ဂျပန်နဲ့ ထိုင်ဝမ်ဘက်ကလည်း ဝယ်ယူဖို့ စိတ်ဝင်စားလာကြတဲ့အတွက် ဈေးကွက်အလားအလာ ကောင်းလာနိုင်တယ်လို့ ၎င်းကဆက်ပြောပါတယ်။ လျှော်ဖြူစေး တစ်ပိသာဟာ ကျပ်(၅၀၀၀) ကနေ ကျပ် (၄၀၀၀၀) ထိ ရှိနေပါတယ်။

“ကျွန်တော်တို့ အရင်တုန်းက လျှော်ဖြူ အစေးဘယ်လိုလုပ်လဲဆိုရင် အလေ့ကျပေါက်ပင်ကနေပဲ တောင်သူတွေက လုပ်ကြတာပေါ့။ ခုနောက်ပိုင်း တဖြည်းဖြည်းနဲ့ ဈေးကောင်းမှန်းသိတော့ စိုက်ပျိုးရေးခြံနဲ့ စိုက်ရင်းနဲ့ ဈေးကွက်ကလည်း တွင်ကျယ်လာတာ” လို့ ကိုအောင်သီဟမော်က ပြောပါတယ်။

လက်ရှိမှာ မကွေးတိုင်းဒေသကြီးအတွင်း လျှော်ဖြူစိုက်ဧကပေါင်း ၆၆၈ ဒသမ ၇၉ ဧကနဲ့ ပျိုးပင်ပေါင်း ၃၀၀၀ ကျော် စိုက်ပျိုးထားတယ်လို့ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် စားရင်းဇယားအရ သိရပါတယ်။

လျှော်ဖြူ စိုက်နေတဲ့တောင်သူရဲ မျှော်လင့်ချက်

ဦးရဲထွန်းဟာ လျှော်ဖြူပင်ကို စစိုက်တဲ့အချိန်ကစပြီး နှစ်စဉ် အပင်(၅၀)နဲ (၁၀၀)ကြား တိုးချဲ့စိုက်ပျိုးခဲ့တာကြောင့် အခုအခါမှာတော့ သူပိုင်တဲ့ လျှော်ဖြူစိုက်ခင်းဟာ () ဧကအထိ ရှိနေပါတယ် အပင်ပေါင်း (၁၃၀) လောက်ကစခဲ့တဲ့ သူ့ရဲ့စိုက်ခင်းက အခုအခါမှာတော့ အပင်ပေါင်း (၇၀၀) အထိရှိလာခဲ့ပါတယ်
သူ့လျှော်ဖြူပင်တွေစိုက်ရတဲ့ နောက်ထပ်ရည်ရွယ်ချက်တစ်ခုလည်း ရှိပါသေးတယ်။

ကိုယ့်လက်ထက်မှာ အပင်ကငယ်ပေမယ့် သားသမီးတွေလက်ထက်မှာ စားရအောင်ဆိုပြီးတော့ ရည်မှန်းပြီး အပင်တွေ တိုးချဲ့စိုက်တာပေါ့။ သားသမီးတွေ အသက်ကြီးလာရင် သူတို လုပ်ဖို အစီအစဉ်ရှိပါတယ်လို ဦးရဲထွန်းက ဆိုပါတယ်။

Leave a Reply

Close Menu