မြေအောက်ဘုရားတွေကို မြေပေါ်ပြန်တင်တဲ့ လယ်ဇင်

မြေအောက်ဘုရားတွေကို မြေပေါ်ပြန်တင်တဲ့ လယ်ဇင်

တူးဖော်ခြင်းတွေဘယ်ကစ

စေတီဆိုတာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထား ကိုးကွယ်ရာတစ်ခု။ ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓဘုရားရှင်ကို ရည်မှတ်ပြီး စေတီပုထိုးတွေကို တည်ထားပူဇော်လေ့ရှိကြပြီး အထွဋ်အမြတ်ထားတဲ့အလိုက် ကျယ်ပြန့်တဲ့နေရာ ဒါမှမဟုတ် မြင့်မားတဲ့ တောင်ကုန်းပေါ်တွေမှာ တည်ထားကိုးကွယ်လေ့ရှိကြပါတယ်။ မုံရွာမြို့ကနေ ၁၄ မိုင်လောက်ဝေးတဲ့ လယ်ဇင်ကျေးရွာမှာ ရှိတဲ့ ဒီလိုအထွဋ်အမြတ်ထားရာ စေတီပုထိုးတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ခန့်က ချင်းတွင်းမြစ်ရေ တိုက်စားမှုကတဆင့် နုန်းဖို့ရင်း မြေအောက်ကိုရောက်ရှိသွားခဲ့ပါတယ်။ ရှေးလူကြီးအဆက်ဆက် လက်ဆင့်ကမ်းခဲ့တဲ့ စကားတွေအရ ပြန်လည်တူးဖော်ဖို့အတွက် ကြိုးစားအားထုတ်လုပ်ဆောင်နေတာက လယ်ဇင်ရွာ နိဗ္ဗာန်ကျောင်းဝင်းထဲမှာ သတင်းသုံးနေထိုင်သူ ဆရာတော် ဦးဇာနေယျ။

စေတီပုထိုးတွေကို မြေကြီးအောက်မြုပ်မနေသင့်ဘူးလို့ ဆရာတော်က ယူဆထားတဲ့အတိုင်း ဒေသခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ အကူအညီနဲ့အတူ စေတီပုထိုးတွေကို စတင်တူးဖော်ခဲ့ပါတယ်။ လယ်ဇင်ကျေးရွာဟာ ပုဂံခေတ်မတိုင်မီက တည်ရှိခဲ့တယ်လို့ လယ်ဇင်ကျောက်စာမှာ ရေးသားဖော်ပြထားပါတယ်။ ရှေးဟောင်းလက်ရာစေတီတော်တွေအပြင် အင်းဝခေတ် မိဖုရားကြီး ရှင်စောပုတည်ခဲ့တဲ့ ကကုသန်မြတ်စွာဘုရားကြီးလည်း လယ်ဇင်ကျေးရွာရဲ့ မြေကြီးအောက် ၁၂ပေလောက်ရောက်ခဲ့တဲ့အတွက် ပြန်လည်ဖော်ယူတာတွေ လုပ်ဆောင်ခဲ့ပြီဖြစ်ပါတယ်။

လယ်ဇင်ရာဇ၀င်

လယ်ဇင်စံပြကျေးရွာကို ဟိုအရင်ကတော့ လယ်စည်လို့ခေါ်ဝေါ်ကြသတဲ့။ ရွာမဖြစ်ခင်က လယ်တွေကြီးပဲရှိနေလို့ လယ်စည်ကနေမှတဆင့် လယ်စင်၊ လယ်စင်ကနေမှတဆင့် လယ်ဇင်အဖြစ် အမည်တွင် ခဲ့ပါတယ်။ ရွာမှာ ရှိတဲ့ လယ်ဇင်ကျောက်စာအရ  အဲဒီရွာက ပုဂံခေတ်မတိုင်မီက တည်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အိမ်ခြေ သုံးရာ ၀န်းကျင်လောက်ရှိပြီ ရွာသားအများစု တောင်ယာ လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြပါတယ်။ အရှေ့မှာတောင် ၊ အနောက်မှာ ချင်းတွင်းမြစ် ဒီလိုပထ၀ီဖွဲ့စည်းပုံအနေအထားကြောင့် ချောင်းရေ နှုန်းမြေတွေနဲ့အတူ လယ်ဇင်ရွာဟာ တစ်စနဲ့တစ်စ ၁၂ပေလောက် မြင့်တက်ခဲ့ပါတယ်။ မြင့်တက်လာတဲ့ မြေကြီးနဲ့အတူ ရှေးဟောင်းဘုရားတွေပါ တိမ်မြုပ်ပျောက်ကွယ်သွားပါတော့တယ်။ မြေကြီးအောက်ရောက်နေတဲ့ ဘုရားစေတီတွေကို ရွာခံတွေကပြန်လည်တူးဖော်မှုတွေစတင်ခဲ့တာ ၁၀နှစ်ကျော်ကြာခဲ့ပါပြီ။

မြေကြီးကြားက စေတီ ၁၂ ဆူ

လယ်ဇင်ကမြေအောက်ဘုရားတွေကို ဦးဆောင်ပြီးတူးဖော်တဲ့ ဆရာတော် အရှင်ဇာနေယျကတော့ ဘုရားတိုင်းမြေအောက်မှာမရှိသင့်ဘူးဆိုတဲ့စိတ်နဲ့ တူးဖော်နေတယ်လို့ ဆိုပါတယ်။ လက်ရှိ အချိန်ထိ မြေကြီးအောက်မှာ ရှိခဲ့တဲ့ဘုရားစုစုပေါင်း ၁၂ ဆူ တူးဖော်ခဲ့ပြီ ဖြစ်ပါတယ်။ ဘုရားတွေကို တူးဖော်တဲ့အခါမှာ ပေါက်ပြား၊ တူးရွင်း၊ ဂေါ်ပြားနဲ့ တောင်းတွေကိုသာ အသုံးပြုပြီး လယ်ဇင်ကျေးရွာအပါအ၀င် အနီးအနားကရွာခံတွေကပါ ၀ိုင်းဝန်းကူညီတူးဖော်ကြပါတယ်။ စေတီတစ်ဆူကို တူးဖော်တဲ့အခါ တစ်လခွဲလောက် အချိန်ယူရတယ်ဆိုပေမယ့် ပုံသေတော့မရှိပါဘူး၊ ရပ်ရွာမှာရှိတဲ့ လူအင်အားနဲ့ပဲ ဆောင်ရွက်ကြတာကြောင့် သူတို့ပုံမှန်အလုပ်ပြီးချိန် ညနေစောင်းနဲ့ ညဘက်အချိန်တွေမှာသာ တူးဖော်ကြပါတယ်။ အလှူရှင်တွေအနေနဲ့ မုံရွာမြို့ပေါ်က မတည်အလှူရှင်တွေရှိကြသလို အများကောင်းမှုနဲ့ တူးဖော်ကြတာတွေလည်းရှိပါတယ်။ ငွေအင်အား၊ လူအင်အား နဲ့ အချိန်အခက်အခဲတွေရှိနေပေမယ့်လည်း ဆရာတော် အရှင်ဇာနေယျကတော့ မြေကြီးအောက်ရောက်နေတဲ့ဘုရားတွေကို ဆက်လက်ပြီးတူးဖော်ဖို့ ရည်ရွယ်ထားပါတယ်။ ဘုန်းကြီးကျောင်းဝင်းထဲ မတူးရသေးတဲ့စေတီတော်တွေရှိသလို တချို့စေတီတော်တွေကတော့ ပုဂ္ဂလိကပိုင်မြေတွေထဲမှာ ရှိနေပါတယ်။ ဆရာတော် အရှင်ဇာနေယျက “ သာသနာ့နယ်မြေတွေမှန်းသိရက်နဲ့ နှမြောတယ်၊ ဦးပဇင်းတို့အနေနဲ့ သာသနာ့နယ်မြေထဲမရှိတဲ့အခါ တူးဖော်ဖို့ကအခက်အခဲဖြစ်နေတယ် ” လို့ မိန့်ပါတယ်။ စေတီတော်တွေကို တူးဖော်ပြီး ပြန်လည်ပြုပြင်တဲ့အခါမှာ အရင်ကတော့ နီးစပ်ရာ ပန်းရံဆရာသာခေါ်ပြီး ပြန်လည်မွမ်းမံကြပေမယ့် အခုချိန်မှာတော့ ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းနိုင်အောင် ကြိုးပမ်းနေတယ်လို့ ဆရာတော်က ဆက်လက်မိန့်ပါတယ်။

“ မင်္ဂလာရွှေကျောင်းတော်ထဲက စေတီတော်တွေကို တူးဖော်တုန်းက အစိုးရအဖွဲ့နဲ့ ရှေး/သုအဖွဲ့တွေလည်းရောက်လာပြီး စေတီတော်ကြီးကို ရှေးဟောင်းလက်ရာအတိုင်းပဲ ပြုပြင်ပေးပါလို့ ဦးပဇင်း တို့ကို တောင်းဆိုခဲ့ကြတယ်”  လို့ ဆရာတော်က မိန့်ပါတယ်။

တူးဖော်ပြီးစေတီတော်များ

ပထမဆုံးတူးဖော်ခဲ့တဲ့ သိမ်တော်ဘုရားကြီးကို လွန်ခဲ့တဲ့ ၁၅နှစ်လောက်က တူးဖော်ခဲ့ပါတယ်။ မြေအောက် အနက် ၁၂ပေလောက် တူးရပြီ သိမ်တော်ကြီးနဲ့အတူ သိမ်တော်ကြီးရဲ့ အပေါ်မှာ စေတီသုံးဆူကိုလည်းတွေ့ရှိခဲ့ပါတယ်။ သိမ်တော်ကြီးဘုရားတူဖော်စဉ်က ရွာသားအားလုံးပူးပေါင်းပါဝင်ကြပြီ တူးဖော်ချိန် တစ်လခွဲလောက် ကြာတယ်လို့သိရပါတယ်။ တူးဖော်တွေ့ရှိခဲ့တဲ့ ဒုတိယစေတီဖြစ်တဲ့  ဦးကျော်စိန်ဘုရားကို ပြုပြင်နေချိန်မှာပင် တတိယစေတီတော်အဖြစ် ရှင်ပင်ဘုရားကို ဆက်လက်တူးဖော်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ မင်္ဂလာရွှေကျောင်းတိုက်ဝင်းထဲမှာရှိတဲ့ စေတီပုထိုးတွေကို ဆက်လက်ပြီး တူးဖော်ပြုပြင်ခဲ့ကြပါတယ်။ ၁၁ ဆူမြောက်စေတီတော်ဖြစ်တဲ့ နိဗ္ဗာန်ကျောင်းတိုက်ထဲက စေတီတော်ကြီးကိုတော့ စက်ယန္တယားအားနဲ့တူးဖော်ခဲ့ကြတယ်။ စေတီတော်တွေကိုတူးဖော်ရာမှာ လယ်ဇင်ကျေးရွာက ရွာခံတွေအပြင် အနီးအနားက ရွာတွေကပါ လာရောက်ပြီးတော့ လုပ်အားဒါနပြုကြပါတယ်။ မင်္ဂလာရွှေကျောင်းတိုက်က စေတီတော်တွေကို ပြုပြင်နေချိန်မှာတော့ အစိုးရအဖွဲ့နဲ့အတူ ရှေးဟောင်းသုတေသနအဖွဲ့တွေပါ လာရောက်ခဲ့ကြပြီး စေတီတော်တွေကို ပြုပြင်ရာမှာ ရှေးမူမပျက်ပြန်လည်ပြုပြင်ပေးဖို့အတွက် တောင်းဆိုခဲ့ကြတယ်လို့ ဆရာတော်ထံကသိရပါတယ်။

Leave a Reply

Close Menu