၈ လေးလုံး အရေးတော်ပုံအတွင်းက ရေဒီယို ရေနံချောင်း

မြန်မာပြည်၏ မြေလတ်မြို့ကလေး ဖြစ်သည့် ရေနံချောင်းမြို့၊ တွင်းကြီးမင်းစုရပ်ကွက်အတွင်းက အ၀ါရောင် တိုက်အိမ်ကလေး တစ်လုံး၏ အခန်းကလေးတစ်ခန်းထဲကို ဝင်လိုက်သည်နှင့် ခန္ဓာကိုယ်ပိန်ပါးပါး ဆံပင်ကြိုးတို့ ကျဲတဲ ပေါက်နေသည့် အသက် ၈၇ နှစ်အရွယ် အဘိုးအိုတစ်ဦး ပက်လက် ကုလားထိုင် တစ်လုံးတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

 
သူ့ဘေးက နံရံပေါ်တွင် ဓာတ်ပုံများ၊ ပန်းချီကားများကို ရှိနေပြီး စာရွက်စာတမ်းများ၊ မော်တာငယ်လေးများ၊ စပီကာ အသေးလေးများနှင့် အနီရောင်၊ အ၀ါရောင် ၀ါယာကြိုးစများ စသည့် လျှပ်စစ်ပစ္စည်းများက သူ့ပတ်ဝန်းကျင်တွင် ဝန်းရံလျှက်ရှိသည်။

အဘိုး နာမည်က ဦးသန်းစိန်။

အဘိုးဦးသန်းစိန်သည် တခြားသူတော့မဟုတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ စနစ်ကို တော်လှန်ခဲ့ကြသည့် ၈ လေးလုံး အရေးတော်ပုံကြီး အတွင်း Democracy Broadcasting Service အမည်ရှိ ရေဒီယိုထုတ်လွှင့်သူ အရေးတော်ပုံတပ်သားတစ်ဦး ဖြစ်သည်။

သူ ဝါသနာပါသည့် ရေဒီယို အသံလှိုင်း ထုတ်လွှင့်သောအလုပ်ကို လုပ်ရင်း ၈ လေးလုံး အရေးတော်ပုံကြီးအတွင်း ဒေသတွင်း ရေဒီယို သတင်းများကို သူ့မြို့နယ်အတွက် အချိန်နှင့်တပြေးညီ ထုတ်လွှင့်ပေးခဲ့သူဟု ဆိုလျှင်လည်း မမှားနိုင်ပေ။

သမိုင်းမှတ်တမ်းများအရ ဆိုလျှင်လည်း ရေနံချောင်းမြို့သည် ဗြိတိသျှကိုလိုစနစ်ကို ဆန့်ကျင်တော်လှန်ခဲ့သည့်  အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီးတစ်ခု ဖြစ်သော ၁၃၀၀ ပြည့်အရေးတော်ပုံကြီး အစပျိုးရာ နေရာလည်းဖြစ်သလို၊ ၈၈၈၈ အရေးတော်ပုံကိုလည်း တခြားသောမြို့များထက် ၂ ရက်စောပြီး သြဂုတ် ၆ ရက်နေ့တွင် စတင်ခဲ့သည့် မြို့လည်းဖြစ်သည်။

ယခု အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သည့် ၈ လေးလုံးကာလ ရေနံချောင်းသပိတ်ကို ဦးဆောင်သူ ကိုမောင်ဝမ်က အဘိုး သန်းစိန်နှင့် ညီအစ်ကိုကဲ့သို့ ရင်းနှီးသော  ဒေါက်တာ ဦးမင်းထွဋ်မှတဆင့် ရေဒီယိုစင်တာဖွင့်ရန် အကူအညီ တောင်းခံခဲ့သောကြောင့် ဦးသန်းစိန်က ရေဒီယိုစင်တာကို နေ့ချင်းပြီးလုပ်ပေးလိုက်သည်ဟု ဆိုသည်။

အသက် ၈၇ နှစ်အရွယ်ရှိပြီဖြစ်သည့် ဦးသန်းစိန်က “ဦးလေးကလည်း သိပ် ဝါသနာပါတဲ့ အလုပ်ဆိုတော့ တန်းလုပ်ပေးတာ၊ ပြောတဲ့ နေချင်းပဲ လုပ်ပေးလိုက်တာ။ ညကျတော့ပြီးပြီ။ လွှင့်လို့ရနေပြီ။ အကုန်လုံး အဆင်သင့်ရှိနေတာ၊ ပစ္စည်းတွေက။ ကိုယ့်မရှိတဲ့ ပစ္စည်းတွေလည်း ငှားကြတယ်။ ဥပမာ – လေးဘက် အဖိုးတန် မိုက်ကြီးတွေမျိုးပေါ့” ဟု ပြောပြသည်။

 

အဘိုးဦးသန်းစိန်သည် အသက် (၁၅) နှစ်အရွယ်က စပြီး ရေဒီယိုနှင့် လျှပ်စစ် ပစ္စည်းများကို စိတ်ပါဝင်စားကာ လေ့လာ လိုက်စား ခဲ့သူ တစ်ဦးဖြစ်သည်။ ဘယ်နေရာ ဘယ်ဒေသရောက်ရောက် Electronic နှင့် ပတ်သက်သမျှကို အမြဲလေ့လာ လိုက်စားနေသူ တစ်ဦးဖြစ်သည်။

Democracy Broadcasting Service ဟု အမည်ရသည့် ရေဒီယိုလှိုင်းကို နေ့စဉ် ည ၉ နာရီကနေ ၁၀ နာရီအထိ ၈၈  သပိတ်စခန်းရှိရာ လယ်ပေါ် သာသနာ့ဗိမာန်ကနေ ပုံမှန် ထုတ်လွှင့်ခဲ့သည်။ စတင်ထုတ်လွှင့်ချိန်မှစ၍ ၂ လ နီးပါးလောက် ညစဉ် ထုတ်လွှင့်ခဲ့သော ရေနံချောင်း ရေဒီယို ဖြစ်ခဲ့သည်။

ထိုရေဒီယိုလှိုင်းကို တခြားရေဒီယိုလှိုင်းများနှင့် မညိအောင်လည်း ပြုလုပ်ထားခဲ့သည်ဟု ဦးသန်းစိန်က ဂုဏ်ယူစွာ ပြောပြသည်။

ထိုအချိန်တုန်းက ဝင်ရောက်ကူညီသည့် သားဖြစ်သူ ဦးလှဘုန်းက “အဲဒီတုန်းက စလုပ်ခိုင်းပြီးရော၊ ဖေဖေက ငါ့သား ဒါလေးကို ထိန်းညှိပြီး နားထောင်ထားဆိုပြီး ရေဒီယိုလေး ခါးကြားထိုး၊ စက်ဘီးလေးနဲ့ ဘယ်လောက်ထိ မိလဲ သွားတိုင်းတော့ ကျနော်က အိမ်ကနေကြည့်ပေးနေရတာပေါ့” ဟု ၈၈ ကာလက ရေဒီယို စတင် လုပ်ခဲ့စဉ်က အကြောင်းကို ဦးသန်းစိန်အား ကြည့်ရင်း ပြန်ပြောင်း ပြောပြသည်။

Democracy Broadcasting Service ရေဒီယိုလှိုင်းတွင် တီးလုံးများ၊ သီချင်းများ၊ ကျောင်းသားသမဂ္ဂများ၏ ကြေညာချက်များ၊ သူတို့၏ သတင်းသုံးသပ်ချက်များကို ထိုရေဒီယို၏ အသံလွှင့် ကော်မတီကနေ အလှည့်ကျ ထုတ်လွှင့် ပေးနေပါသည်။
 
ထိုကဲ့သို့ ထုတ်လွှင့်မှုတွေကြောင့် ဖမ်းဆီး ထိန်းသိမ်းမှုတွေ မခံခဲ့ရသော်လည်း အကြိမ်ကြိမ် ခေါ်ယူမေးမြန်းမှုများ ပြုလုပ်သလို၊ အိမ်မှာလည်း လာရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အသံလွှင့်ခြင်းကို မူလ နေရာမှ တခြား အိမ်တစ်အိမ်သို့ ပြောင်းရွှေ့ထုတ်လွှင့် ခဲ့ရသေးသည်ဟုလည်း ဦးသန်းစိန်က ဆိုသည်။

ဖမ်းဆီးမှုများ မပြုလုပ်သော်လည်း ထိုအချိန်က ရေနံချောင်းအခြေစိုက် အရာရှိ တစ်ဦး ဖြစ်သည့် ဗိုလ်ကြီး စောမောင် ကတော့ ရက်စွဲအလိုက် တိပ်ခွေများနှင့် သိမ်းဆည်းထားသည်ဟုလည်း သူက ဆက်ပြောသည်။


“အတတ်ပညာပိုင်းဆိုင်ရာနဲ့ ထုတ်လွှင့်တာကြောင့် ဖမ်းဆီးမှုတွေတော့ မရှိပါဘူး။ တခါတခါတော့ လာရောက် စစ်ဆေးတာတွေ ရှိခဲ့ပါတယ်။ နောက်ပြီး ကျနော်က ဒီအလုပ်ကို အခုမှ လုပ်တာ မဟုတ်ဘူး၊ တက္ကသိုလ် တက်နေလည်း လုပ်တာပဲ။ ဆရာအတတ်သင် လုပ်နေတုန်းကလည်း လုပ်တာပဲ။ ကျနော့်မှာ ဘယ်အသင်း အဖွဲ့အစည်း ဆိုတာ မဟုတ်ဘူး။ ဒီမိုကရေစီကတော့ ဒီမိုကရေစီ တောင်းလို့ အရေးယူမယ် ဆိုလည်း တစ်နိုင်ငံလုံး အရေးယူပေါ့။ အဲဒီအထဲမှာ ဦးလေးလည်း ပါမှာပေါ့” ဟု ပက်လက် ကုလားထိုင်ပေါ်ကနေ စကားကို တဖြည်းဖြည်းချင်း ရယ်ရယ်မောမောနှင့် ပြောပြသည်။

ထိုရေဒီယိုလိုင်းကို ရေနံချောင်းမြို့ပေါ်တွင် အဓိကထား ထုတ်လွှင့်ခြင်းကြောင့် တခြားသော ယခင်ရှိထားပြီးသည့် ရေဒီယို လိုင်းများကို လေ့လာပြီးမှ သူတို့နှင့် မညိအောင် လုပ်ဆောင်ရသည်ဟုလည်း ပြောပါသည်။

ထို့သို့ မြို့သူမြို့သားများနှင့် အဆင်ပြေအောင် အနိမ့်ဆုံးထား လုပ်ဆောင်ပေးခြင်းကြောင့် ရေနံချောင်း မြို့သူ မြို့သားများက BBC သတင်းများ အပြီး လာသည့် Democracy Broadcasting Service ကို စောင့်မျှော်နားဆင် ကြသည်ဟု ဆိုကြသည်။

၎င်းရေဒီယို လှိုင်းကို အာဏာမသိမ်းမီ ညအထိ ထုတ်လွှင့်ပေးခဲ့သည်။ Electronic ပစ္စည်းများကို တန်းဖိုးထားသည့် ဦးသန်းစိန်သည် အာဏာသိမ်းပြီးနောက် သူ့ထုတ်လွှင့်စက်ကို တိတ်တဆိတ် ပြန်လည်ရှာဖွေခဲ့သည်။ စစ်တပ်က ၎င်းထုတ်လွှင့်စက်ကို တစ်နေရာမှ တစ်နေရာ ပြောင်းရွှေ့ခဲ့ပြီးနောက်ဆုံး အိမ်တွင် အိမ်သာကျင်းထဲသို့ ချပစ်ခဲ့သည်။  

အိမ်တစ်အိမ်ကနေ တစ်အိမ် အဆင့်ဆင့် ပြောင်းထားသော သူ့ထုတ်လွှင့်စက်ကို ဦးသန်းစိန်နှင့် သူ့သားတို့က ဆက်လက်စုံစမ်းကာ မည်သည့်နေရာတွင် ရှိနေကြောင်း သိရှိခဲ့ကြသည်။

ထိုကဲ့သို့ သိရှိပြီး စစ်တပ်များ ပြန်ဆုတ်သွားသည့် အချိန်တွင် ဖွက်ထားသည့် အိမ်၏ အိမ်သာကျင်းထဲမှ ခက်ခက်ခဲခဲ ပြန်ယူ ဆေးကြောခဲ့ရကြောင်းကို ဦးသန်းစိန်သား ဦးလှဘုန်းက စားပွဲပေါ်တွင် ရှိနေသည့် သမိုင်းဝင် စက်ပစ္စည်း များကို ကြည့်ရင်း ပြောပြသည်။

“အိမ်သာတွင်းထဲက ဆယ်လာတာကို သေချာပြန်ဆေးရတယ်။ ပြီးတော့ ဓာတ်ဆီတွေနဲ့ ထပ်ဆေး၊ အခြောက်လှန်းပြီးတော့ ရေနွေးနဲ့ ထပ်ပြုတ်ရသေးတယ်။ ပြီးမှ တစ်ခုချင်းဆီ ပြန်တပ်ထာားရတာ” ဟု သူက ဆိုသည်။

သတင်းအချက်အလက် သိပိုင်ခွင့်ဆိုသည်မှာ လူသားတိုင်း၏ အခြေခံ ရပိုင်ခွင့်တစ်ခု ဖြစ်ပြီး ဦးနေ၀င်းဦးဆောင်သည့် ၂၆ နှစ်ကြာ အုပ်ချုပ်ခဲ့သော တစ်ပါတီ အာဏာရှင်စနစ်အောက်တွင် ပြည်သူတို့သည် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် မရှိသကဲ့သို့ သတင်းများကို အမှောင်ချပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ၀ါဒဖြန့်သတင်းများ ကိုသာ သိရှိခဲ့ကြရသည်။

၂၀၁၈ ခုနှစ် သြဂုတ်လတွင် ကျရောက်မည့် ၈၈၈၈ နှစ်ပတ်လည်သည် နှစ် (၃၀) ပုလဲရတု ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ပြည်သူများ သတင်း သိပိုင်ခွင့်နှင့် ပတ်သက်၍ လွတ်လပ်စွာ ပြောဆိုခွင့် မရသည့် မဆလခေတ် အချိန်တွင်ပင် စွန့်စွန့်စားစား ရေဒီယို ထုတ်လွှင့်ရန် ကြိုးစားပေးခဲ့သူ၊ ယခု အသက် ၈၇ နှစ်အရွယ် ဦးသန်းစိန်က သတင်းလွတ်လပ် ခွင့်နှင့် ပတ်သက်၍ အောက်ပါအတိုင်း ပြောဆိုခဲ့သည်။

“မီဒီယာ လွတ်လပ်ဖို့အတွက်ဆိုရင် အစိုးရနဲ့ ပြည်သူ ပေါင်းစည်း လုပ်ဆောင်ရမှာဖြစ်သလို၊ အစိုးရဘက်ကလည်း ဖြေလျှော့ပေးရမယ်”  

Leave a Reply

Close Menu