ဟော်နန်းနဲ့ ပတ်သက်ပြီးဆွေးနွေးဖို့  ဒေါ်အောင်ဆန်းစုကြည် ခေါ်မဲ့ရက်ကို အန်တီက စောင့်နေတယ်
စဝ်ဟေမာသိုက် နှင့် အင်တာဗျူးမေးမြန်းခြင်း

ဟော်နန်းနဲ့ ပတ်သက်ပြီးဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည် ခေါ်မဲ့ရက်ကို အန်တီက စောင့်နေတယ်

Author : Sithu
Date : 22 August 2019

စဝ်ဟေမာသိုက် နှင့် အင်တာဗျူးမေးမြန်းခြင်း

Photo By: Sithu

မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွားစ၀်ရွှေသိုက် ရဲ့ နေအိမ်ဖြစ်တဲ့ ညောင်ရွှေဟော်နန်းကို  ၁၉၆၂ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီး ၂နှစ်အကြာ  ၁၉၆၄ခုနှစ် အောက်တိုဘာ ၁ရက်နေ့မှာ အစိုးရပိုင် ယဉ်ကျေးမှုပြတိုက်အဖြစ် ကြေညာခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ သမ္မတ စ၀်ရွှေသိုက်ရဲ့ သမီးဖြစ်တဲ့ စ၀်ဟေမိုက်သိုက် က ဟော်နန်းကို မိသားစုဝင်အပိုင်အဖြစ် လွဲပြောင်းပေးရန် ဦးသိန်းစိန်အစိုးရ လက်ထက်ကနေ ယခု NLD အစိုးရအထိတောင်းဆိုလာခဲ့ပေမယ့် အစိုးရဘက်က လွဲပြောင်းပေးခြင်းမရှိခဲ့ပါဘူး။

 ထိုကိစ္စများနဲ့ပတ်သက်ပြီး ညောင်ရွှေစော်ဘွား သမ္မတစ၀်ရွှေသိုက် နှင့် စ၀်နန်းမြ၀င်းတို့မှ မွေးဖွားပြီး ညောင်ရွှေဟော်နန်းပြန်ရရဖို့ အစိုးရထံ အကြိမ်ကြိမ်ထံ တောင်းဆိုနေသူသမီး စ၀်ဟေမာသိုက်ကို MJI မှ  စည်သူ က သူနေထိုင်ရာ တောင်ကြီးမြို့မှာ သွားရောက် တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။  ။ ညောင်ရွှေဟော်နန်းရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းကို ပြောပြပေးပါအုံး…

ဖြေ။  ။ မင်းတုန်မင်းတရားကြီးရဲ့ မွေးစားသား စော်ဘွား၃၂မင်းဆက် ဆာစပ်မောင်က ၁၉၁၃ခုနှစ်မှာ စဆောက်တယ်။ပြီးတော့  ၁၉၂၁ခုနှစ်မှာ ဆာစပ်မောင် ကံကုန်ခဲ့တယ်။ပြီးတော့ အန်တီရဲ့အဖေ ညောင်ရွှေစော်ဘွားကြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတဖြစ်တဲ့ စ၀်ရွှေသိုက်က  ၁၉၂၁ကနေ ၁၉၂၃ ခုနှစ်ထိပြီးစီးအောင် ဆောက်ခဲ့တယ်။ စ၀်ဆာမောင်စဆောက်ကတည်းက ငွေကျပ် ၂၀၀၀ နဲ့ စဆောက်တော့ မလောက်တော့ ဗြိတိသျှ အစိုးဆီက ပိုက်ဆံချေးပြီး ဆောက်ခဲ့တာ အန်တီဆီမှာ ဒါနဲ့ပတ်သက်ပြီး ဒိုင်ယာရီမှတ်တမ်းရှိတယ်။ အားလုံး ၁၉၆၂ခုနှစ်မှာ ဦးနေ၀င်းက အာဏာသိမ်းသော်လည်း တရားဝင် ဟော်နန်းကို သိမ်းတယ်လို့မပြောဘူး။ ၁၉၆၃ခုနှစ်မှာ စစ်တပ် တစ်တပ်ကို ထားခဲ့တယ်။ ၁၉၆၄ ခုနှစ်မှာ ညောင်ရွှေဟော်နန်းကို  ယဉ်ကျေးမှုပြတိုက်အဖြစ်  ကြေညာခဲ့တယ်။၁၉၆၄ခုနှစ်ကနေ  ယခုထိ ညောင်ရွှေဟော်နန်းကို ဘယ်လိုသတ်မှတ်ခဲ့တယ်ဆိုတာကတော့  စစ်အာဏာရှင်တွေက ၁၉၆၄မှ ၁၉၉၉ ထိညောင်ရွှေဟော်နန်းပြတိုက်အနေနဲ့ထားတယ်။၁၉၉၉ ကနေ ၂၀၀၇ထိ စော်ဘွားကြီးများ ပြတိုက်အနေနဲ့ထားတယ်။၂၀၀၇ ကနေ ၂၀၁၃ခုနှစ်အထိက ဗုဒ္ဓပြတိုက်အနေနဲ့ထားတယ်။၂၀၁၃ကနေ ယခုအထိကတော့ ရှမ်းပြည်နယ် ယဉ်ကျေးမှုပြတိုက်အဖြစ် ထားတယ်။

 

မေး။  ။ဟော်နန်းမှာ နေခဲ့တဲ့အချိန်က အမှတ်တရတွေ ဘာတွေရှိလဲဗျာ…

ဖြေ။  ။မောင်နှမ ၁၁ယောက်မှာ ၃ယောက်က အန်တီနဲ့ အသက်၂၀လောက်ကွာတယ်။ဒါကြောင့် မောင်နှမ ၈ယောက်နဲ့ကတော့ ဟော်နန်းမှာ ငယ်ငယ်တုန်းက နီးနီးကပ်ကပ်ကစားခဲ့တာတွေ အမှတ်တရရှိပါတယ်။

 

မေး။   ။မိသားစုဝင်တွေ က ဟော်နန်းကိုပြန်ရရှိဖို့ တောင်းဆိုတာ ယခင် ဦးသိန်းစိန်အစိုးရလက်ထက်ကနေယခု NLD အစိုးရလက်ထက်ထိ တောင်းဆိုလာတာ ဘယ်လိုအခြေအနေရှိလဲ…..

ဖြေ။   ။၂၀၁၃ခုနှစ်မှာ အန်တီရဲ့ အမေရှိသေးတယ်လေ အန်တီအမေ က ၉၄နှစ်ပေါ့။  သူက တရားဝင် ဇနီးအနေနဲ့ ဦးသိန်းစိန် အစိုးရကို တောင်းတယ်။ ဒါပေမယ့်အစိုးရက  မပေးဘူး။ ဒုတိယအကြိမ် ၂၀၁၅ခုနှစ်မှာ ရှမ်းပြည်နယ်အစိုးရက ပိုင်နေတာဆိုတော့ ရှမ်းပြည်နယ် အစိုးရကို တောင်းတယ်  ။၂၀၁၆ခုနှစ်မှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကိုတောင်းတယ်။ ၂၀၁၇ခုနှစ်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုတောင်းတယ် ။၂၀၁၃ကနေတောင်းလာတာ ယခုထိ  ဘာမှအကြောင်းမကြားဘူး။အန်တီနဲ့ ဒေါ်အောင်ဆန်းစုကြည်က ငယ်သူငယ်ချင်းဆိုတော့ ၂၀၁၉ဖေဖ၀ါရီလ ရှမ်းပြည်နယ် နေ့ လာတုန်းက အန်တီနဲ့ တွေ့တော့ အန်တီက ကိုယ်တိုင် ပြင်ဆင်ချင်တယ်ဆိုပြီးပြောတော့ ဒေါ်အောင်ဆန်းစုကြည်က အသေးစိတ်ဆွေးနွေးပါမယ် ။နေပြည်တော်လာခဲ့ဆိုပြီးပြောတယ် .ဒေါ်အောင်ဆန်းစုကြည်တွေ့မယ်ပြောပြီးသွားပြီးဆိုတော့  ဒေါ်အောင်ဆန်းစုကြည် ခေါ်မဲ့ရက်ကို အန်တီက စောင့်နေတာ။

မေး။  ။ဟော်နန်းကို မိသားစုဝင်တွေပိုင်အဖြစ် အန်တီကဦးဆောင်ပြီး တောင်းနေတာနဲ့ပတ်သက်ပြီး အန်တီသဘော ထား ပြောပြပေးပါအုံးဗျာ

ဖြေ။   ။ကိုယ်ပိုင်တာလေ ။ပြီးတော့ အန်တီ နေခဲ့တယ် ၁၈နှစ် ။ကိုယ့်အဖေဆောက်ခဲ့လို ကိုယ်ပိုင်တာလေ။ ဒါကြောင့်ပြန်တောင်းတာ။ အန်တီတို့ စိတ်နာတာက ဗိုလ်ချုပ်နေ၀င်း သိမ်းတဲ့ တစ်ခုတည်းသော ဟော်နန်းပဲ ။ရှမ်းပြည်နယ်မှာ ဟော်နန်းအလုံး ၂၀ကျော်ရှိတယ် လုံးဝမသိမ်းဘူး ။အခုထိ မိသားစုဝင်တွေနေတုန်း  ။အန်တီတို့ဟော်ပဲ သိမ်းတာ။

မေး။  ။အကယ်လိုမိသားစုဝင်တွေ လွဲပြောင်းပေးလိုက်မယ်ဆိုရင် မိသားစုဝင်တွေက ဟော်နန်းကို ဘယ်လိုလုပ်ချင်တာလဲဗျာ

ဖြေ။  ။ရှမ်းပြည်နယ်အစိုးရ နဲ့ ညှိနှိုင်းမယ် ဟော်နန်းကိုပြင်ဆင်မယ် ။အဆင်မြှင့်တင်မယ်။ပြီးတော့ ကော်မတီဖွဲ့မယ် ကမ္ဘာအဆင့်မှီ ပြတိုက် လုပ်မှာ။ နောက်တစ်ခုက ဖောင်းဒေးရှင်းထောင်မယ် ။သူဌေးတော်တော်များများက ပြင်ဖို့ ပိုက်ဆံပေးချင်တယ်။  အခုကဘာဖြစ်နေလဲဆိုတော့ ဦးနေ၀င်းအစိုးရသိမ်းထားလို့ဆိုပြီး ဦးနေ၀င်းအဆောက်အဦးပဲဖြစ်နေတယ်ဆိုပြီး ပိုက်ဆံမပေးချင်ဘူး။

မေး။   ။အစိုးရ က အခုထိ မိသားစုဝင်တွေကို မလွဲပေးဘူးဆိုတာလေ ဒါနဲ့ပတ်သတ်ပြီး ရှေ့ဆက်ဘာလုပ်သွားဖို့ရှိလဲဗျာ။

ဖြေ။   ။နိုင်ငံတော် အတိုင်ပင်ခံနဲ့ တွေ့ဖြစ်အောင်ကြိုးစားပြီး နောက်တစ်ခေါက်တောင်းမယ် ။မပေးဘူးဆိုရင်လည်း ဟော်နန်းကို လုပ်ပိုင်ခွင့် အာဏာပေးစေချင်တယ်။ တစ်ခုက ရာဇ၀င် ထပ်ဖျက်မှာစိုးလို့ စစ်အစိုးရလုပ်ထားတာကို ပြည်သူလူထုရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရက ။ အန်တီကို ဖြေရှင်းချက် ပေးရမယ်လေ ။ဒါကတော့ နားကျည်းမှု ရှိတယ် ။ကိုယ့်အဖေရဲ့ ခံယူချက်ကို ကျွန်မ ခံယူချက်ဖြစ်တယ် ။ဒါကြောင့် ရချင်တာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရမ်းတွေ့ချင်တာလေ  ။သူ့သဘော က ဘယ်လိုမျိုး ဘယ်လိုတိုင်ပင်မယ် ဆိုတာ သိချင်တယ်။

 မေး။    ။ယခုအချိန်မှာ အစိုးရပိုင်အဖြစ်ရှိတယ်ဆိုတော့ အစိုးရ အနေနဲ့ ဟော်နန်းကို ဘယ်လို ထိန်းသိမ်းသင့်လဲဗျာ။

ဖြေ။   ။သူရဦးအောင်ကိုနဲ့ တွေ့ပြီး ပြောထားတယ်  ။ဝန်ထမ်းမလုံလောက်ဘူး တန်းဖိုးမဖြတ်နိုင်တာဝတ်စုံတွေ အများကြီင်္း ရှိနေတယ်။ လုံခြုံဖို့လိုတယ် ။အန်တီက CCTV တောင်းထားတယ် ။ရှမ်းပြည်နယ်အစိုးရက ဘာမလုပ်ပေးဘူး။ ရှမ်းပြည်နယ်အစိုးရက သဘောအရ အန်တီကို အသိအမှတ်ပြုပေမဲ့ အန်တီတစ်ခုခုလုပ်မယ်ဆို ပိတ်ပင်ထားတာတွေရှိတယ် ။အန်တီက ကိုယ်နေခဲ့အတိုင်း ထိန်းသိမ်းချင်တယ် ဒါပေမဲ့ ဘာမလုပ်ရဘူးလေ ။

မေး။   ။ဟော်နန်းနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်မယ်ဆို အန်တီကို အသိပေးတာ မျိုးရှိလား…

ဖြေ။   ။အသိမပေးဘူး အန်တီကို တိုက်ရိုက်မပေးဘူး ။လွှတ်တော်ကိုယ်စားလှယ်ကနေ တဆင့် သိရတာ အစိုးရအနေနဲ့ အသိပေးတာ မရှိပါဘူး။

မေး။   ။ဟော်နန်းကို ဘာကြောင့် သိမ်းတယ်လို့ အန်တီ ထင်လဲဗျာ။

ဖြေ။   ။ရှမ်းစော်ဘွားတွေက ဖက်ဒရယ်မှုအရ ၁၉၂၂ကတည်းကနေ သျှမ်းပြည်ထောင်စုမှုအရ ရှိပြီးသား ဖက်ဒရယ် နဲ့ပဲ အုပ်ချုပ်တာ ။ ပင်လုံစာချုပ်အရ ဒါကိုပြန်လုပ်ချင်တော့ စော်ဘွားတွေကို အကုန်ဖမ်းပြီး ထောင်ချတယ်။ဒါကြောင့်ပဲ ဟော်နန်းတွေကို သိမ်းတာပါ။ ၁၉၆၂ခုနှစ် မတ်လ ၂ရက်နေ့  ဗိုလ်ချုပ်နေ၀င်းက  အာဏာသိမ်းခဲ့တယ်။အာဏာသိမ်းပြီးတောရန်ကုန်မှာရှိတဲ့ ပုလဲကွန်ဒိုမှာ အန်တီရဲ့မောင်ကို သေနတ်နဲ့ပစ်တယ် အဲ့ဒီမှာပဲ ဆုံးသွားတယ်။ဆုံးသွားပြီးတော့ အန်တီရဲ့ ဖခင်သမ္မတ ကို ဖမ်းဆီးလိုက်တယ်။ ၁၉၆၂ခုနှစ် နိုဝင်ဘာ ၂၁ရက်နေ့မှာ အင်းစိန်ထောင်မှာ ဆုံးသွားတယ်။ ၁၉၆၂အာဏာသိမ်းတော့ ဟော်နန်းမှာစစ်သားတွေကို ထားတယ် ။အဲ့ဒီအချိန်မှာ ပစ္စည်းတွေ တော်တော်ပျောက်တယ်။  အန်တီ ကြီးကြီးရှိတော့  အန်တီတို့ မပိုင်လို့ မနေရဘူးဆို ထားလိုက် ။ပိုင်လို့ နေနေတာကို ဆင်းခိုင်းတယ်ဆိုတော့ စော်ဘွားမျိုးဆက်တွေကို ဒီလိုနေပဲ အသိမှတ်ပြုတာလား။

မေး။     ။အန်တီက ဟော်နန်းကို ၂၀၁၃ကတည်းကတောင်းတယ်ဆိုတော့ အခုအချိန်ထိဟော်နန်းတောင်းတာနဲ့ပတ်သက်ပြီး လက်မလျော့တာကိုတွေ့ရတယ် ။ဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါအုံးဗျာ။

ဖြေ။    ။မလျော့ဘူး အန်တီကတော့ မသေမချင်း ဟော်နန်းကိုမိသားစုဝင်တွေပြန်ရဖို့ အန်တီဆုံးဖြတ်ချက်ပဲလေ

Photo By: Sithu

Leave a Reply

Close Menu